အညတရ သူရဲကောင်း


“ဒီတော်လှန်ရေးက အောင်ကိုအောင်မြင်မှာ။ အောင်မြင်မှာမို့လို့လည်း ကျွန်တော်တို့ ဒီလမ်းလျှောက်ခဲ့တာ”

အထက်ပါပြောသွားသူကတော့ ရန်ကုန်ပြောက်ကျား ရဲဘော်လေးတစ်ယောက်ပါ။

ဒီလို စကားတွေကတော့ တော်လှန်ရေးသမားတိုင်းဆီက ထွက်လာနေကျ စကားဖြစ်သလို ခံယူချက်လည်းဖြစ်လို့ သိပ်တော့ ထူးဆန်းမနေတော့ပါဘူး။

ထူးခြားတာကတော့ ရန်ကုန် UG အဖွဲ့မှ mission ထမ်းဆောင်ရင်း မတော်တဆမှုကြောင့် လက်ပေါ်ဗုံးပေါက်ကွဲရာကနေ သေမလိုဖြစ်ခဲ့ပြီးနောက် မသန်စွမ်းဖြစ်သွားခဲ့သူရဲ့ စိတ်ဓာတ်မယိုင်ဘဲ ရင်ထဲက စစ်မှန်တဲ့ စကားဖြစ်နေတာပါပဲ။

သူ့နာမည်ကတော့ ရဲလွင် (အမည်လွှဲ)။ လက်ရှိအသက် ၂၀ ပြည့်ရုံသာသာရှိသေးတဲ့ လူငယ်တစ်ယောက်။

မတော်တဆ ဗုံးပေါက်ကွဲမှုကြောင့် လက်နှစ်ဖက်စလုံး လှုပ်ရှားမရတော့အောင် ဖြစ်သွားခဲ့ရတဲ့ မသန်စွမ်းလူငယ်လေးတစ်ယောက်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကတော့ ၁၇ နှစ်အရွယ်သာရှိသေးတဲ့ သာမန်အရပ်သား လူငယ်လေး မောင်ရဲလွင်ပေါ့။

ပညာအရည်အချင်းက ၇ တန်းနဲ့ ကျောင်းထွက်ပြီး မိခင်နဲ့ညီမလေး စားဝတ်နေရေးအတွက် အစ်ကိုကြီးအဖအရာပီပီ ရုန်းကန်လှုပ်ရှားတဲ့နေသူပါ။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် အာဏာစသိမ်းတဲ့အခါမှာ စစ်အာဏာရှင်ကိုမလိုလားမှုကြောင့် မိမိနေထိုင်ရာ ရန်ကုန်မြို့မှာပဲ ငြိမ်းချမ်းစွာဆန္ဒပြနေခဲ့ရာမှ စစ်တပ်ရဲ့ လက်နက်အားကိုးဖြိုခွင်းမှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့အထဲ သူလည်း ပါဝင်ခဲ့ရပါတယ်။

“ဆန္ဒပြဖြိုခွင်းမှုကနေ အဖမ်းခံရတော့ ရက်ပိုင်းအချုပ်ကျခဲ့ပါတယ်။ ညှိနှိုင်းပေးမှုရယ်၊ အဲဒီအချိန်တုန်းက ကျွန်တော်ကလည်း အသက်မပြည့်သေးတာရယ်ကြောင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တည်းကစပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှ ရတော့မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်ပြီ” လို့ ပြောက်ကျားရဲဘော်လေး ရဲလွင်က ပြောပါတယ်။

အချုပ်မှလွတ်လာပြီးနောက်တော့ မိခင်နဲ့ညီမရဲ့ သဘောတူခွင့်ပြုချက်နဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို အဝတ်တထည်ကိုယ်တစ်ခုနဲ့ ထွက်လာရင်း ရန်ကုန်ပြောက်ကျားဖြစ်လာဖို့ သင်တန်း ၁ လခွဲလောက် သင်ကြားခဲ့ရ ပါတယ်။

“တစ်လခွဲသင်တန်းပြီးတော့ Yangon UG အဖြစ် Mission ၃ ခုလောက်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံးတစ်ခုမှာ အခုလို မတော်တဆဖြစ်သွားတာပါပဲ” လို့ သူကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လပိုင်းက ပထမ Mission ဆောင်ရွက်အောင်မြင်ခဲ့ပြီး အောက်တိုဘာလ သီတင်းကျွတ်လမှာလည်း ဒလန်ရှင်းလင်းမှု ဒုတိယ Mission ကိုအောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့်……….
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ညပိုင်းအချိန်မှာတော့ ရဲဘော်လေး ရဲလွင်တစ်ယောက် ဗုံးမတော်တဆမှုနဲ့ ကံဆိုးမိုးမှောင် ကျခဲ့ရပါတော့တယ်။

“လူတစ်ယောက် လာတယ်ဆိုတဲ့အတွက် ပစ်ပြီးသားဗုံးကို ကျွန်တော်ကပြန်ကောက်ပြီး ဆိုင်ကယ်ပေါ်တက် မောင်းပြေးနေချိန် ထပေါက်ကွဲလို့ နှစ်ယောက်သား လွှင်စင်သွားတာပေါ့။ ကျွန်တော့်ကို သေပြီထင်ပြီး သူငယ်ချင်းက ထားခဲ့တာ” လို့ အဲဒီနေ့အတွေ့အကြုံကို ပြန်ပြောပြခဲ့ပါတယ်။

အသက်ရှင်နေမှန်း ပြန်သိသွားတဲ့အခါမှာ ရဲလွင်ကို အတူနေရဲဘော်တစ်ယောက်က ဆွဲမပြီး ကျန်ရဲဘော်တစ်ယောက်က ဆိုင်ကယ်နဲ့ သေနတ်ပစ်ဖောက်ကာ စစ်သားတွေကို မျက်လှည့်အယောင်ပြပြီး လမ်းလွဲစေခဲ့ရာမှ လွတ်မြောက်သွားခဲ့ကြရတာလို့ ဆိုပါတယ်။

“ကျွန်တော့် သူငယ်ချင်းက အရမ်းစိတ်ဓာတ်ကြံ့ခိုင်တယ်။ အခုလို ဒဏ်ရာရသွားတာ တချက်မှမငြီးဘူး။ စိတ်ဓာတ်လည်း လုံးဝမကျဘူး။ ပြန်ကောင်းရင် ပြန်တိုက်မယ်ဆိုတာချည်းပဲ” လို့ ရဲလွင်နဲ့အတူနေ ငယ်သူငယ်ချင်းက ပြောပါတယ်။

ဖြစ်ဖြစ်ချင်းနေ့မှာတော့ CDM ဆရာဝန်တစ်ယောက်ရဲ့ ကုသပေးမှုခံယူခဲ့ရပြီး စိတ်ချရတဲ့ အသိတစ်ယောက်ရဲ့ ဆေးခန်းလေးမှာ တက်ရောက်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ လုံခြုံစိတ်ချရတဲ့ တစ်နေရာမှာ ဒဏ်ရာတွေကို ငှက်ပျောရွက်နဲ့ အုပ်ပြီး ၁ လကျော်လောက် ဆေးထိုးဆေးသောက် နေထိုင်ခဲ့ရပုံကိုလည်း ပြောပါတယ်။

“ဒဏ်ရာက တအားပူတာ မခံစားနိုင်ဘူး။ ဒါပေမယ့်လည်း ကြိတ်ခံရတာပဲ။ အခုဆို တစ်နှစ်ကျော်တဲ့အထိ ကုသနေရတုန်းပဲ။ ဒါပေမယ့် ကျွန်တော်လုံး ဝစိတ်ပျက်သွားတာမျိုးမရှိဘူး။ အတူနေ ရဲဘော်ရဲဘက်တွေရဲ့ လိုလေသေးမရှိမှုလည်း ပါတာပေါ့” လို့ ရဲဘော်ရဲလွင်က ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာက သက်သာလာပေမယ့် အရင်လိုအကောင်းတိုင်းမဟုတ်တော့တဲ့အပြင် ဘာတစ်ခုမှ ဆုပ်ကိုင်လို့မရတော့တဲ့အထိ ရဲလွင် တစ်ယောက် မသန်စွမ်းဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။

“အစက သေမလားရှင်မလား မသိသေးတော့ အမေ့ကို မပြောပြရဲဘူး။ သက်သာလာတဲ့အခါကျမှ ပြောပြလိုက်တာ။ အမေကလည်း လုံးဝစိတ်ဓာတ်မကျဖို့ ပိုတောင်အားပေးတယ်” လို့ ဆိုပါတယ်။

အတူနေရဲဘော်ရဲဘက်တွေက အပေါ့အလေးစွန့်တာကအစ စားသောက်တာအဆုံး ဝေယျာဝစ္စမှန်သမျှကို မငြီးမငြူ ပြုလုပ်ပေးတဲ့အပြင် တော်လှန်ရေးခေါင်းဆောင်တွေဘက်ကလည်း ရဲဘော်ရဲဘက် ညီအစ်ကိုစိတ်ဓာတ်နဲ့ ဂရုစိုက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း အခုလိုပြောပါတယ်။

“အတူနေ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအရမ်းတင်တယ်။ ပြီးတော့ တော်လှန်ရေးခေါင်းဆောင်တွေကလည်း အခုချိန်ထိ ညီအစ်ကိုလိုပဲ မမေ့မလျော့ ဂရုစိုက်ပေးကြလို့ ကျေးဇူးတင်တယ်။ ဒီလိုစိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့တော်လှန်ရေး အောင်မြင်မှာပဲ” လို့ ရဲဘော်လေးရဲလွင်က ပြောပါတယ်။

လက်ရှိ မြို့ပြ ပြောက်ကျား UG တွေရဲ့ခက်ခဲမှုတွေများစွာထဲက လက်နက်အင်အားမမျှမှုပဲလို သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ရဲဘော်ရဲလွင်မှာ သူ့ကို နားလည်ဂရုစိုက်ပေးတဲ့ ချစ်သူတစ်ယောက်လည်း ရရှိနေပါတယ်။ ၂ နှစ်ကျော်လာပြီဖြစ်တဲ့ တော်လှန်ရေးအပေါ်ကိုလည်း စိတ်လျော့မသွားကြဖို့ကိုလည်း သူက ခွန်အားပေးခဲ့ပါတယ်။

“အခု ချစ်သူလည်းရှိထားတယ်။ အစက ကျွန်တော်ဒဏ်ရာရတာကိုမသိသေးဘူး။ သိသွားတဲ့အခါမှာ ကျွန်တော့်ကို ထားခဲ့ဖို့ပြောပေမယ့်သူက လုံးဝမထားခဲ့ဘူးတဲ့။ ကျွန်တော်တို့ တော်လှန်ရေးအပေါ်ကိုလည်း လုံးဝစိတ်လျော့မသွားကြပါနဲ့။ အောင်မြင်မှာ သေချာတယ်။ သေချာတာမို့လို့လည်း ဒီလမ်းလျှောက်ခဲ့တာပါလို့ ပြောချင်ပါတယ်” လို့ ရဲဘော်ရဲလွင်က ပြောပါတယ်။

ဒီနွေဦးတော်လှန်ရေးမှာ ရဲဘော်ရဲလွင်လို နာမည်မကြီးဘဲ တော်လှန်ရေးကို ပေးဆပ်ခဲ့တဲ့ အညတရ သူရဲကောင်းတွေ များစွာ ရှိနေပါတယ်။ သူတို့ရင်ထဲမှာ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကလွဲပြီး မည်သည့်အရာကိုမျှ မျှော်လင့်မထားကြပါဘူး။ ပြည်သူတွေကလည်း ဒီလို သူရဲကောင်းတွေကို မေ့မထားကြဖို့လိုပါတယ်။