အစ္စရေး-ဟားမစ် နှစ်ဘက် ဖမ်းဆီးခံထားရသူများအား သဘောတူညီထားမှုအတိုင်း အပြန်အလှန် လဲလှယ်ခဲ့

Author လင်းနွေဦး
Categories
Published on Nov 25, 2023

ယမန်နေ့ နိုဝင်ဘာ (၂၄)ရက်နေ့ ညပိုင်း၌ ကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရရှိခဲ့သော “လေးရက်တာ အပစ်အခတ်ရပ်စဲရေး” သဘောတူညီမှုအရ အစ္စရေးနှင့် ဟားမစ် နှစ်ဘက် အပြန်အလှန် ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးကာ အလဲအလှယ် ပြုလုပ်ခဲ့ကြကြောင်း BBC မှ ဖော်ပြသည်။

 

အောက်တိုဘာ(၇) ရက်နေ့မှ စတင်သော (၄၈) ရက်ကြာ အရေးအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှုအရ ပထမဆုံးအကြိမ် နှစ်ဘက်စလုံးမှ စစ်ပွဲအား ခေတ္တရပ်တန့်ခဲ့ပြီးနောက် အစ္စရေး-ဟားမစ် အရေးအတွင်း ဟားမစ်စစ်အုပ်စုမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သော အစ္စရေး ပြည်သူ (၂၄၀)ခန့်အနက်မှ (၁၃)ဦးအား ကနဦးအကြိမ် အဖြစ်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

ယခင်က ဟားမစ်စစ်အုပ်စုဘက်မှ ဖမ်းဆီးခဲ့သော ဓားစာခံများအနက် အမေရိကန် ပြည်သူနှစ်ဦးအား အောက်တိုဘာ လလယ် ပိုင်းတွင် လွှတ်ပေးခဲ့ဖူးသည်။

 

ပြန်လည် လွတ်မြောက်လာသော အစ္စရေးဓားစာခံများအား ဂါဇာ-အီဂျစ် နယ်စပ် ဂိတ်မှ တဆင့် လုံခြုံသော နေရာတွင် ခေတ္တ ထားရှိကာ ၎င်းတို့ထဲတွင် အသက် ၁၀ နှစ်အောက် ကလေးငယ်များနှင့် သက်ကြီးပိုင်းများ ပါဝင်နေသောကြောင့် အစ္စရေးဘက်မှ ၎င်းတို့အား နိုင်ငံတွင်းပြန်မခေါ်မီ ကျန်းမာရေး စစ်ဆေးမှုများ အား အီဂျစ်ဆေးရုံ တစ်ခု၌ ပြုလုပ်စေခဲ့ကြောင်း သိရသည်။

 

ပြန်လည်လွတ်မြာက်လာသော ကလေးနှစ်ဦးနှင့် ဇနီးဖြစ်သူ၏ အိမ်ထောင်ဦးစီးမှ “ကျွန်တော့် မိသားစုဝင်တွေ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ ရှိခဲ့ပါတယ် ပြီးတော့ သူတို့လွတ်မြောက်လာလို့ ကျွန်တော် အောင်ပွဲမခံပါဘူး တခြားသော မိသားစုဝင်တွေရဲ့ ဖမ်းဆီးခံထားရသူအကုန် ပြန်မလွတ်မချင်း ကျွန်တော် ပျော်ရွင်ပြီးအောင်ပွဲခံ မှာ မဟုတ်ပါဘူး” ဟု သူ၏ ခံစားချက်အား BBC သို့ ပြောကြားခဲ့သည်။

 

အပြန်အလှန်အနေဖြင့်လည်း အစ္စရေးဘက်မှ ရှေးယခင်နှစ်များအတွင်း ဖမ်းဆီးအကျဉ်းချခဲ့သော ပါလက်စတိုင်း အကျဉ်းသား (၁၅၀)အား ပြည်လည်လွှတ်ပေးရမည့်အနက် ပထဆုံးအကြိမ် အဖြစ် (၃၉) ဦးအား Beitunia  စစ်ဆေးရေး ဂိတ်မှ တဆင့် ပါလက်စတိုင်းဘက်သို့ ပို့ဆောင်ပေးခဲ့သည်။

 

အစ္စရေး-ဂါဇာ အရေးအတွင်း ဖမ်းဆီးခံထားရသူများတွင် ထိုင်းနိုင်ငံသား (၂၅) ဦးခန့် ပါဝင်ခဲ့ကြောင်း ထိုင်းအစိုးရ၏ နိုင်ငံခြားဝန်ကြီးဌာန မှ ထုတ်ပြန်ခဲ့ပြီးနောက် ကာတာနိုင်ငံမှလည်း သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ထိုင်းနိုင်ငံသားများအား လွတ်ပေးရန် တောင်းဆိုခဲ့ကြောင်း BBC မှ ဖော်ပြသည်။

 

ဟားမစ်စစ်အုပ်စုဘက်မှလည်း လိုက်လျောသော အနေဖြင့် ယမန်နေ့ ညပိုင်း တွင် အစ္စရေး ဓားစားခံများအား လွှတ်ပေးပြီး မကြာမီ ထိုင်းနိုင်ငံသား (၁၀)ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးအား သီးခြား ထပ်မံ လွှတ်ပေးခဲ့သည်။

 

အစ္စရေးဝန်ကြီးချုပ် နေသန်ရာဟု ကမူ ယခုလို ကနဦးလဲလှယ်မှုနှင့် ပတ်သက်၍ “ပထမဆုံးတစ်ခေါက်အနေနဲ့ ဓားစာခံတွေတော့ ပြန်လည်ခေါ်လာခဲ့ပြီး သူတို့တွေထဲမှာ ကလေးတွေ နဲ့ သူတို့ရဲ့မိခင်တွေ တခြားသက်ကြီးပိုင်းတွေ ပါပါတယ်၊ အစ္စရေးနိုင်ငံသားတိုင်းကို အလေးအနက် ပြောကြားလိုတာက ကျွန်တော်တို့ရဲ့ ဓားစာခံအားလုံးကို ပြန်ရအောင်လုပ်ပါ့မယ်လို့ ကတိပေးပါတယ်” ဟု နိုင်ငံတကာမီဒီယာများသို့ ပြောကြားခဲ့သည်။

 

“လေးရက်တာ အပစ်ရပ်စဲရေ သဘောတူညီမှု” အဖြစ် ဟားမစ်တို့ဘက်မှ တစ်ရက်လျှင် (၁၂) ဦးခန့်ဖြင့် လေးရက်တာ အတွင်း အများဆုံး အယောက်(၅၀)အထိ လွှတ်ပေးမည် ဖြစ်ကာ အစ္စရေးဘက်မှလည်း ဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသား (၁၅၀) အား ပြန်လည်  လွှတ်ပေးရမည်ဖြစ်သည်။

 

ထို့ပြင် နိုင်ငံတကာ၏ ကြားဝင်ဖျန်ဖြေမှုအရ ဂါဇာအတွင်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ နှင့်အတူ ဒီဇယ်ဆီများ နှင့် ချက်ပြုတ်ရေးသုံး ဂတ်စ်အိုးများအား လေးရက်တာ ကာလ အတွင်း ပို့ဆောင်ခွင့်ရရှိခဲ့ကြပြီး ယခုအခါ ရာဖာနယ်စပ်ဂိတ်အား ဖြတ်၍ အစားအသောက်နှင့် ရေများ တင်ဆောင်ထားသော လော်ရီကား အစီး (၂၀၀)၊ ဒီဇယ် လီတာပေါင်း (၁၃၀,၀၀၀) နှင့် ဂတ်စ်အိုး အပြည့်တင်ဆောင်ထားသော ကုန်တင်ကားကြီး လေးစီး တို့မှာ ဂါဇာမြို့တွင်းသို့ ထွက်ခွာခဲ့ကြပြီး ဖြစ်သည်။

 

အစ္စရေး-ဟားမစ် စစ်ပွဲသည် ဟားမစ်တို့၏ စတင်တိုက်ခိုက်မှုဖြင့် အောက်တိုဘာ (၇)ရက်နေ့တွင် စတင်ခဲ့ပြီး ယခုကဲ့သို့ အပစ်အခတ် ရပ်စဲသည့် (၄၈) ရက်မြောက်နေ့အထိ အစ္စရေးဘက်မှ ပြည်သူ (၁၄၀၀)ကျော် သေဆုံးကာ ပါလက်စတိုင်းဘက်မှ သေဆုံးခဲ့သည့် ပြည်သူ (၁၄,၀၀၀) ကျော်အနက် (၅,၄၀၀)ကျော်မှာ ကလေးသူငယ်များ ဖြစ်ခဲ့သည်။