အစ္စရေး-ဟားမစ် စစ်ပွဲတွင်း နှစ်ဘက်သေဆုံးပြည်သူ (၁၀)ဆ နီးပါး ထိ ကွာဟလာခဲ့ပြီဖြစ် UN အတွင်းရေးမှူးချုပ်၏ သတိပေးစကားကြားမှ ဟားမစ် တို့၏ စခန်းတစ်ခုအား သိမ်းနိုင်ခဲ့ဟု အစ္စရေးဆို

Author လင်းနွေဦး
Categories
Published on Nov 09, 2023

ပြီးခဲ့သည့် အောက်တိုဘာ (၇) ရက်နေ့မှ စတင်သော အစ္စရေး-ဂါဇာ အရေးသည် ယခုလ နိုဝင်ဘာ (၉) ရက်နေ့တွင် (၁)လနှင့် (၂) ရက် ရှိပြီဖြစ်ကာ နှစ်ဘက် သေဆုံးမှုများမှာ သောင်းဂဏန်းကျော် လွန်ခဲ့ပြီးနောက် United Nation(UN) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုမှ ယမန်နေ့ ဗုဒ္ဓဟူးနေ့၌ သတိပေးစကား ပြောကြားခဲ့သည်။

 

“ဂါဇာ သေဆုံးမှုများက အစ္စရေးရဲ့ စစ်ရေးဖော်ဆောင်မှုတွေမှာ   တစ်ခုခု သိသာစွာ မှားယွင်းနေတာကို ပြနေပါတယ်”ဟု UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီ မှ REUTERS(ရိုက်တာ)သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယခုကဲ့သို့ ပြောကြားရခြင်းမှာလည်း ၁ လကျော်ကြာ ဖြစ်ပွားနေခဲ့သော တိုက်ခိုက်မှုများအတွင်း အစ္စရေးပြည်သူ (၁,၄၀၀) ကျော် သေဆုံးခဲ့သည်။

 

ပါလက်စတိုင်းဘက်မှလည်း ပြည်သူ (၁၀,၅၆၉) ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့အနက် (၄၃၀၀)ဦး ကျော် မှာ ကလေးသူငယ်များ ဖြစ်ကာ စုစုပေါင်း သေဆုံးခဲ့ရသည့် လူဦးရေ၏ (၄၀) ရာခိုင်နှုန်းအထိ ရှိနေခဲ့သည်။

 

နှစ်ဘက်သေဆုံးမှု နှိုင်းယှဉ်ပါက (၁၀)ဆ နီးပါး ကွာခြားလာပြီ ဖြစ်သော်လည်း စစ်ပွဲအရှိန်မှာ လျော့ကျလာခြင်း မရှိဘဲ ဆက်လက်အရှိန်မြင့် တောက်လောင်လျက်ပင် ရှိနေသည်။

 

ထို့ပြင် စစ်ပွဲအတွင်း မြေပြင်တွင် သတင်းရယူလျက်ရှိသော ပါလက်စတိုင်း သတင်းထောက် (၃၁) ဦး ၊ လီဘနွန် သတင်းထောက် (၁) ဦး နှင့် အစ္စရေး သတင်းထောက် (၄) ဦးတို့ သတင်းယူနေစဉ် မြေပြင်မှာပင် သေဆုံးခဲ့ကြကြောင်း CNN သတင်းဌာနမှ ဖော်ပြခဲ့သည်။

 

UN အတွင်းရေးမှူးချုပ်မှ အစ္စရေး၏ စစ်ပွဲဖော်ဆောင်မှုသည် မှားယွင်းမှုများရှိနေကြောင်း ပြောကြားခဲ့သော်လည်း အစ္စရေးကာကွယ်ရေး တပ်ဖွဲ့များဘက်ကမူ ယနေ့နေ့လယ် ဒေသစံတော်ချိန် ၁ နာရီ တွင် ဂါဇာမြောက်ပိုင်းရှိ Jabalia(ဂျဘလီးယာ)ဒေသရှိ ဟားမစ်တို့၏ အခိုင်အမာ စခန်းတစ်ခုအား သိမ်းပိုက်နိုင်ခဲ့ကြောင်း လူမှုကွန်ယက် X (အရင် Twitter) တွင် ဗီဒီယိုဖိုင် နှင့်တကွ တင်ခဲ့သည်။

 

အဆိုပါ ပိုစ့်အတွင်း “ဒီနေရာကို ရရှိဖို့ ၁၀ နာရီ ကြာ တိုက်ပွဲဝင်ခဲ့ရပြီး အကြမ်းဖက်သမားအများအပြား သေဆုံးမှုနဲ့အတူ လက်နက် အမြောက်အမြားကိုလည်း သိမ်းဆည်းခဲ့ရုံမက မူကြိုကျောင်းအနီးရှိ ရှည်လျားသော မြေအောက် ဥမင်များထဲသို့ သွားရောက်နိုင်သော ဝင်ပေါက်တစ်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်” ဟု ရေးသားဖော်ပြထားသည်။

 

ပြီးခဲ့သည် အောက်တိုဘာလ နှောင်းပိုင်း ၌ အစ္စရေး မှ ဂါဇာမြောင်ပိုင်းရှိ ပြည်သူများအား တောင်ပိုင်းသို့ ပြောင်းရွေ့ရန် သတိပေးခဲ့ပြီးနောက် မကြာမီပင် အင်အားအလုံးအရင်းဖြင့် ဟားမစ် စစ်အုပ်စုများအား ချေမှုန်းရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

တစ်လကျော် ကြာမြင့်လာပြီဖြစ်သော အစ္စရေး-ဂါဇာစစ်ပွဲ အတွင်း သေဆုံးဦးရေ မြင့်တက်လာရုံမက ကူညီကယ်ဆယ်ရေးနှင့် စားဝတ်နေရေး ခက်ခဲမှုများကြောင့် အနောက်နိုင်ငံကြီးများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ဂါဇာဒေသတွင်း ပို့ဆောင်နိုင်ရန် ကြိုးပမ်းခဲ့ကြပြီး စုစုပေါင်း ထရပ်ကား (၃၆၅)စီး ထက်မနည်း ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

 

သို့သော် မလုံလောက်သေးသောကြောင့် ထပ်မံပို့ဆောင်ရန်ကြိုးစားနေကြသော်လည်း လမ်းများ ပိတ်ဆို့မှုကြောင့် အခက်အခဲ ကြုံတွေ့ နေရသည်။

 

ဟားမစ် စစ်အုပ်စုဘက်မှ အထောက်အပံ့များ ပြည်သူများထံ ရောက်ရှိစေရန် လမ်းဖွင့်​ပေးစေ လိုကြောင်း ကောလဟာလများ လွှင့်ခဲ့သည်။

 

အစ္စရေး ဝန်ကြီးချုပ် နေသန်ရာဟုကမူ “အစက ဖမ်းဆီးထားသော ဓားစာခံများအနက်မှ (၁၂) ဦး အား ပြန်လွှတ်ပေးကာ (၃)ရက်တာ လမ်းဖွင့်ပေးရန် ညှိနှိုင်းမှုများမှာ ကောလာဟလများ ဖြစ်သည် “ဟု ပယ်ချခဲ့ကြောင်း BBC မှ ​ဖော်ပြသည်။

 

အစ္စရေးဘက်မှ စစ်ရေးအခြေအနေများအား တိုးမြှင့်လုပ်ဆောင်မည့် အနေအထားတွင်သာ ရှိနေပြီး ယခုကဲ့သို့ ဂါဇာဒေသတွင်း သို့ ဝင်ရောက် စစ်ရေးမဖော်ဆောင်မှီကပင် “ဟားမစ်တို့အား အမြစ်ပြတ် ရှင်းလင်းမည်” ဟု အစ္စရေး ဝန်ကြီးချုပ်အပါအဝင် စစ်ဘက်ခေါင်းဆောင်များမှ ပြောကြားထားမှုကြောင့် နောက်ဆက်တွဲ အခြေအနေများအား ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။