အစ္စရေးနှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ပြင်သစ်သမ္မတ ထုတ်ဖော်ပြောဆို

Author Z
Categories
Published on Oct 25, 2023

အစ္စရေးနိုင်ငံကို ပြင်သစ်သမ္မတ မက်ခရွန်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ လာရောက်ခဲ့ပါတယ်။ အစ္စရေး-ပါလက်စတိုင်း စစ်ရေးပဋိပက္ခ စတင် ဖြစ်ပွားပြီး နှစ်ပတ်အကြာမှာ အခုလို လာရောက်လည်ပတ်တာပါ။

 

မက်ခရွန်က “ဖြစ်ပျက်ခဲ့တာတွေ အားလုံးက ဘယ်လိုမှ မေ့နိုင်စရာ မရှိဘူး” ဆိုပြီး ဟားမက်စ်တို့ အစ္စရေးကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ ဖြစ်စဉ်ကို ရည်ညွှန်းပြောဆိုခဲ့တာပါ။ သူ့အနေနဲ့ ပြင်သစ်နိုင်ငံဟာ အစ္စရေးတို့နဲ့ တစ်သားတည်း ရပ်တည်လျက်ရှိပြီး စည်းလုံးညီညွှတ်မှုအသွင်ဆောင်နေတယ်လို့လဲ ပြောဆိုခဲ့ပါတယ်။ မက်ခရွန်အနေနဲ့ ဟားမက်စ်တို့ဘက်က ဖမ်းဆီး ပြန်ပေးဆွဲထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက်လဲ ဦးစားပေးဖြစ်တယ်လို့ ဆိုတာပါ။

 

အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုနဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မက်ခရွန်က ပြင်သစ်နဲ့ အစ္စရေးတို့ဟာ အတူတကွပူးပေါင်းပြီး ဘုံရန်သူ အကြမ်းဖက်တွေကို နှိမ်နှင်းချေမှုန်းမှာ ဖြစ်ကြောင်းလဲ ဖြည့်စွက်ပြောဆိုသွားပါတယ်။

 

ပြီးခဲ့တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း အခြေစိုက် ဟားမက်စ်တို့ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခထဲမှာ အစ္စရေးဒေသခံ အယောက် ၁၄၀၀ ခန့် သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ ပြင်သစ်ပြည်သူ အယောက် ၃၀ လဲ ပါဝင်ပါတယ်။

 

ဟားမက်စ်တို့ဘက်က စတင်တိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့ဘက်ကလဲ လေကြောင်းကို အဓိကသုံး တန်ပြန်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပါလက်စတိုင်းပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ် အမြောက်အမြား ပါဝင်နေပါတယ်။ အစ္စရေးတို့ဘက်က မြေပြင်ထိုးစစ်စတဲ့ အချိန်ကို မရောက်ခင် ဘေးလွတ်ရာကို ရှောင်တိမ်းနိုင်ဖို့ သိန်းနဲ့ချီတဲ့ ဒေသခံတွေ ဂါဇာတောင်ပိုင်းကို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

 

မက်ခရွန်ကတော့ အဲ့ဒီ အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေကို အစ္စရေးအနေနဲ့ နိုင်ငံရေးအရ ချဉ်းကပ်ဖြေရှင်းမှသာ ရနိုင်မယ်လို့ ပြောကြားခဲ့ပြီး အရင်အချိန်က အကြမ်းဖက် ISIS တွေကို အတူးပူးပေါင်းနှိမ်နှင်းခဲ့တဲ့ နိုင်ငံတွေကိုလဲ ပြန်လည်ပေါင်းစည်းလာကြဖို့ ပြောကြားခဲ့တယ်။

 

“လက်ရှိ ဆီးရီးယားနဲ့ အီရတ်တို့မှာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (ISIS) အကြမ်းဖက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရှိနေတဲ့ ပြင်သစ်ပါဝင်တဲ့ နိုင်ငံတကာ ညွန့်ပေါင်း အဖွဲ့တွေအနေနဲ့ ဟားမက်စ်ကိုလဲ ရင်ဆိုင်ချေမှုန်းဖို့ အသင့်ပါ” လို့ မက်ခရွန်က နေတန်ရာဟုကို ပြောတာပါ။

 

အစ္စရေးကတော့ နောက်ဆက်ဖြစ်လာတော့မဲ့ စစ်ပွဲတွေအတွင်းမှာလဲ ဟားမက်စ်တို့ကို ချေမှုန်းတိုက်ခိုက်သွားမှာ ဖြစ်ပြီး အဲ့ဒီစစ်ပွဲတွေပြီးတာနဲ့ ဘယ်သူကမှ ဟားမက်စ် အာဏာစက်အောက်မှာ မနေရတော့မှာ ဖြစ်ကြောင်း ဆိုတယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

နေတန်ရာဟုအနေနဲ့လဲ စစ်ပွဲက အချိန်ကြာမြင့်ဦးမှာ ဖြစ်ကြောင်း အသိပေး ပြောဆိုခဲ့ပါသေးတယ်။

 

မက်ခရွန်အနေနဲ့ လက်ရှိပဋိပက္ခ ဒီ့ထက်ပိုပြီး အရှိန်အဟုန် မမြင့်တက်လာဖို့၊ ဂါဇာမှာ ကျန်ရှိနေသေးတဲ့ ဓားစာခံတွေအကုန် လွတ်မြောက်လာနိုင်ဖို့၊ အစ္စရေးအတွက် လုံခြုံမှု တစ်ရပ်ရနိုင်ဖို့နဲ့ ပြည်နယ်နှစ်ဖက် ငြိမ်းချမ်းဖို့အတွက် အဓိက ရည်ရွယ်တယ်လို့ အယ်လ်ဂျားဇီးယားက စစ်ရေးသုံးသပ်သူ သတင်းထောက်တစ်ဦးက ကောက်ချက်ချပါတယ်။

 

အစ္စရေးက ပိတ်ဆို့မှုတွေ ပြုလုပ်ပြီးတဲ့ နောက်မှာ ဂါဇာက ဒေသခံ ၂ သန်းကျော် သောက်သုံးရေ၊ အစားအစာ၊ လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အခြား အခြေခံပစ္စည်းတွေ အတော်များများ အရေးပေါ်လိုအပ်နေတဲ့ ကိစ္စအပေါ်လဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက်လဲ တောင်းဆိုညှိနှိုင်းမှာဖြစ်တယ်လို့ ပါရီက သမ္မတရုံးက AFP က ပြောပါတယ်။

 

အောက်တိုဘာ ၇ က စခဲ့တဲ့ ပဋိပက္ခမှာကတည်းက ဟားမက်စ်တို့က အစ္စရေး ပြည်သူ အယောက် ၂၀၀ ကျော်ကို ဓားစာခံအဖြစ်နဲ့ ဖမ်းဆီး ပြန်ပေးဆွဲထားတာပါ။ ပြည်သူအချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

 

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လက်ရှိအချိန်ထိ ပျောက်ဆုံးနေတဲ့ ပြည်သူတွေ ရှိနေသေးကြောင်းနဲ့ သူတို့ထဲက တချို့ကိုတော့ ဟားမက်စ်က ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်းကို အတည်ပြုထားနိုင်တာပါ။

 

ပြင်သစ်တို့အနေနဲ့ ဟားမက်စ်တို့ ကျောထောက်နောက်ခံပြုနေတဲ့ လက်ဘနွန်အခြေပြု ဟစ်ဇ်ဘိုလာတို့နဲ့ အစ္စရေးကြား တင်းမာမှုတွေ မြင့်တက်လာနေတာတွေကို လျှော့ချနိုင်ဖို့၊ လက်ရှိ စစ်ပွဲအရှိန်ကိုလဲ လျှော့ချနိုင်ဖို့ အတတ်နိုင်ဆုံး အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

 

Reference – Jazeera, A. (2023, October 24). France’s Macron expresses ‘solidarity’ on visit to Israel amid Gaza war. Israel-Palestine Conflict News | Al Jazeera

Related News

Depend on news