အင်းစိန်အကျဥ်းထောင် အထူးတရားရုံးမှ တရားသူကြီးစီးလာသည့် ကားအပစ်ခံရပြီး တစ်ဦးဒဏ်ရာရ

Author အောင်နိူင်သူ
Categories
Published on Aug 30, 2022

စစ်ကောင်စီအလိုကျ နိူင်ငံရေးတက်ကြွလှုပ်ရှားသူ များကို အမိန့်ချနေသည့် အင်းစိန်အကျဥ်းထောင် ရှိ အထူးတရားရုံးမှ တရားသူကြီးစီးလာသည့်ကား ယနေ့နေလည်ပိုင်းကပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီကသိရသည်။

အင်းစိန်မြို့နယ် လှိုင်မြစ်လမ်း အင်းစိန်စျေးနှင့် လဟာပြင်စျေးအကြားတွင် ယနေ့နေ့လည် ၁၂ နာရီခွဲက အကျဥ်းထောင်ရှိ အထူးတရားရုံးမှ တရားသူကြီးစီးလာသည့်ကားပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အင်းစိန်အကျဥ်းထောင်ထဲက ထွက်လာတဲ့အချိန် အင်းစိန်စျေးရှေ့မှာ ပစ်တာ ခေါင်းကို တစ်ယောက် ထိသွားတယ်တရားသူကြီးလား ဘာလားတော့မသိဘူး အခုအင်းစိန် ဆေးရုံမှာ”ဟု ပြောသည်။

အင်းစိန်ဗဟိုအကျဉ်းထောင် အထူးတရားရုံးမှ တရားသူကြီးစီးလာသည့်ကားကို ပရိုဘောက်စ်ကားဖြင့် လိုက်လံပစ်ခတ်ရာမှ ကားပေါ်တွင်ပါလာသည့် အမျိုးသားတစ်ဦးကို ထိမှန်ခဲ့တာဖြစ်သည်ဟု အင်းစိန်စျေးတွင် နေသူတစ်ဦးက ပြောသည်။

သေနတ်ထိမှန်သူအမျိုးသားကို အင်းစိန်ဆေးရုံကြီးကိုလူနာတင်ယာဥ်ဖြင့် ပို့ဆောင်ထားပြီး ဆေးရုံအ ရောက်တွင် သေဆုံးသွားသည်ဟု မြို့ခံများ၏ ပြောပြချက်အရသိရပြီး CJ Platform အနေဖြင့် အတည်ပြုနိူင်ခြင်းမရှိပေ။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များက အင်းစိန်ထောင်ဗူးဝနှင့် အင်းစိန်စျေးတစ်ဝိုက်တွင် လုံခြုံရေးတိုးမြှင့်ချထားပြီး ကားများကိုစစ်ဆေးနေသည်ဟု မြို့ခံတွေဆီကသိရသည်။