အကျဥ်းသား ၇ ထောင်ကျော် ပြန်လွှတ်ဟု စစ်ကောင်စီကြေငြာ၊ MNDAA ၊TNLA၊ SSPP /SSA၊AA ၂၂ ဦးပါဝင်ဟုဆို

Author ခေတ်နီ
Categories
Published on Aug 01, 2023

ယနေ့ သြဂုတ်လ ၁ရက်နေ့တွင် ကျရောက်သည့် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း အကျဥ်းထောင်များတွင် အကျဥ်းကျခံနေရသည့် အကျဥ်းသားအကျဥ်းသူ ၇၇၄၉ ဦးကိုပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြန်လည် လွှတ်ပေးခဲ့သည့် အကျဥ်းသားများထဲ၌ နိုင်ငံခြားသား အကျဥ်းသား၊ အကျဥ်းသူ ၁၂၅ ဦးလည်း ပါဝင်ပြီး စစ်ကောင်စီမှ ဖမ်းဆီးအကျဥ်းချထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် MNDAA ၊TNLA၊ SSPP /SSA၊ AA တို့မှ အဖွဲ့ဝင် ၂၂ ဦးကိုလည်း ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီမှ ဆိုသည်။

ထို့အပြင့် စစ်ကောင်စီမှ သေဒဏ်ချမှတ်ထားသည့် အကျဥ်းသားတချို့ကိုလည်း သေဒဏ်မှ ထောင်ဒဏ်တသက်ကျွန်းသို့ ပြောင်းလဲချမှတ်ကြောင် းထုတ်ပြန်ထားပြီး လူဦးရေအတိအကျအား ဖော်ပြထား ခြင်းမရှိပေ။

ထိုနည်းတူ စစ်ကောင်စီက ဖမ်းဆီးပြီး အမှုရင်ဆိုင်နေရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦးကိုလည်း အမှုပိတ်သိမ်းကြောင်းစစ်ကောင်စီမှ ဆိုသည်။

“ကျွန်တော် နည်းနည်းအလုပ်ရှုပ်နေလို့ သေချာပြောလို့ မရသေးဘူး။ အခုလွှတ်ပေးတဲ့သူတွေ အများစုမှာ လွတ်ဖို့ ခြောက်လလောက်ပဲကျန်တဲ့သူတွေများတာ၊ နိုင်ကျဉ်းတွေလဲပါတယ်။ ဘယ်လောက်ပါလဲတော့ သေချာမသိဘူး” ဟု အကျဉ်းဦးစီး သတင်းရင်းမြစ်က CJ Platform သို့ပြောကြားသည်။

စစ်ကောင်စီသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားသည့် ပုဒ်မများအနက် အမိန့်ချမှတ်ပြီးဖြစ်သော ပုဒ်မများမှ ပြစ်ဒဏ်အချို့ကိုလည်း လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယနေ့ စစ်ကောင်စီမှ လွှတ်ငြိမ်းပေးခဲ့သည့် အကျဉ်းသားများအနက် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်အချို့မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများသည် မကွေးထောင်မှ ၁၆ ဦး၊ ပေါင်းတည်ထောင်မှ ၅ ဦး၊ ပြည်ထောင်မှ ၅ဦး တို့ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။