“သွေးသားရောင်းကြသူများ”

Author မောင်ဒဂုံ
Categories
Published on Oct 29, 2022

Dating တယ်လီဂရမ် ဂရုများ၌ ရာနှင့်ချီသော အမျိုးသမီးငယ်လေးများ၏ ဓာတ်ပုံများက စျေးနှုန်း သတ်မှတ်ချက် အမျိုးမျိုးဖြင့် ရှိနေသည်။ တစ်ညတာ သွေးသားဆန္ဒ ဖြည့်ဆည်းရန် ငွေကျပ် တစ်သိန်းခွဲမှ သိန်းရာကျော်ထိ စျေးနှုန်း သတ်မှတ်ချက်များဖြင့် အမျိုးသမီးငယ်လေးများကို ၄င်းတို့၏ ဓာတ်ပုံများဖြင့် အဆိုပါ ဂရုများ၌ ကြော်ငြာပေးထားသည် ကိုတွေ့ရသည်။

နိုင်ငံရေး အကျပ်အတည်းကာလအတွင်း အဆိုပါ ဂရုများ၌ အမျိုးသမီးငယ်လေးများ၏ ဓာတ်ပုံများက ပို၍ ပို၍ များပြားလာနေသည်။ ယခင်ကလည်း ထိုကဲ့သို့ ဖုန်းဆက်၍ အချိန်ပိုင်း အမျိုးသမီးငယ်လေးများကို ငှားနိုင်သည့် တရားမဝင် ဝန်ဆောင်မှု လုပ်ငန်းများက ရှိခဲ့သည်။

သို့သော် Facebook Private Group များဖြင့် လျှို့ဝှက်စွာဖြင့်သာ၊ ယခုကာလကဲ့သို့ ပေါ်ပေါ် တင်တင်တော့ ရှိမနေခဲ့ပေ။

” ဒီဂရုတွေက အရင်ထဲက ရှိတယ်။ Facebook မှာ Private Group တွေ အများကြီးပဲ။ ဒါပေမယ့် Admin တွေက ဂရုထဲ ဝင်မယ့်သူကို စိစစ်တယ်။ ဒါတောင် ဂရုထဲမှာ ဆက်သွယ်လို့ရတဲ့ Viber နံပါတ်တင်ပေးထား။ သွားမေးရတာ။ ” ဟု အမျိုးသမီးငယ်များကို အချိန်ပိုင်း ငှားယူရန် ခေါ်ယူဖူးသည့် သာကေတမြို့နယ်၌ နေထိုင်ခဲ့သည့် ကိုပိုင်စိုး(အမည်လွှဲ)က ပြောသည်။

၂၀၂၀ခုနှစ် ကိုဗစ်ရောဂါ ဖြစ်ပွားလာခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ Dating Private ဂရုများကို ဖေ့စ်ဘွတ်ပေါ်၌ ပို၍ များများစားစား မြင်တွေ့လာခဲ့ရသည်။ ထို့ပြင် ငွေကြေး လက်ခံရယူကာ Video Call ဖြင့် လိင်ဖျော်ဖြေမှုပေးသည့် အလုပ်ကို လုပ်ကိုင်လာသည့် အမျိုးသမီးငယ်များလည်း အများအပြား ရှိလာခဲ့သည်။

Mobile Banking များ အသုံးတွင်ကျယ်ခဲ့သည့် အချိန်ဖြစ်သဖြင့် K-pay၊ Wave-Pay များကို အသုံးပြု၍ ငွေကြေးလက်ခံရယူကာ၄င်းတို့က Video Call ဖြင့် လိင်ဖျော်ဖြေမှုပေးသည့် အလုပ်ကို လုပ်ကိုင်ကြသည်။

သို့သော် အဆိုပါ အလုပ်လုပ်ကိုင်သည့် အမျိုးသမီးများကို ရှာဖွေရန် ခက်ခဲသည်ဟု ၄င်းတို့နှင့် ဆက်သွယ် လုပ်ကိုင်ဖူးသူများက ပြောပြသည်။ အများအားဖြင့် အဆိုပါ အမျိုးသမီးများ သဖွယ် အကောင့်တု၊ ဖုန်းနံပတ်အတု ဖြင့် ဟန်ဆောင်ကာ ငွေကြေးလိမ်လည်သည့်သူများကိုသာ အတွေ့ရများသည်ဟုလည်း ၄င်းတို့က ဆိုသည်။

” ဆင်းကဒ်တွေကလည်း ဖောင်းပွနေတာ။ သူတို့က ငွေကြိုလွှဲခိုင်းတယ်။ ဖုန်းဘီလ်ဖြစ်ဖြစ်၊ K-Pay ဖြစ်ဖြစ်၊ မဟုတ်လည်း Wave ပေါ့ဗျာ။ ခင်များ လွှဲလိုက်ပြီးရင် အဲ့အကောင့်က ဘလော့သွားတာကို၊ ဆင်းကဒ် စက်ပိတ်သွားတာတို့က ခဏခဏပဲ။ ” ဟု အလိမ်ခံရဖူးသည့် ရန်ကုန်မြို့မှ ကိုမျိုးကြီးက ပြောပြသည်။

မိနစ်ပိုင်းစာ Video Call ဖြင့် လိင်ဖျော်ဖြေရန် ငွေကျပ် တစ်သောင်းဝန်းကျင် ကျသင့်မည်ဖြစ်ပြီး အဆိုပါ ငွေကြေး ပမာဏမှာ အလိမ်ခံရသော်လည်း အမှုဖွင့်ရန် အဆင်မပြေလှသည့် အခြေအနေ ဖြစ်သည်ဟု ကိုမျိုးကြီးက ဆက်လက်ပြောပြသည်။

” ကိုယ်ညံ့လို့ ကိုယ်ခံရတယ်ပဲ မှတ်ရတာပဲ။ ခင်များကလည်း ဆဲချင်လည်း ဘယ်သူ့သွားဆဲရမလဲ။ စက်တွေပိတ် အကောင့်တွေ ဘလော့သွားပြီ။ ကိုယ့်သောကနဲ့ ကိုယ်ပဲလို့ပဲ ဖြည့်တွေးရတာပေါ့ဗျာ” ဟု ၄င်းက ဆိုသည်။

ထိုသို့ ဗန်းပြလိမ်လည်သူ များစွာရှိနေသော်လည်း အမှန်တကယ် လုပ်ကိုင်သည့် အမျိုးသမီးများလည်း ရှိနေခဲ့သည်။ အဆိုပါ အမျိုးသမီးများသည် ၄င်းတို့နှင့် ပုံမှန် ဆက်သွယ် အလုပ်လုပ်ကိုင်နေသူများ၊ သို့မဟုတ် တစ်ဆင့်ခံ ဆက်သွယ်ပေးသူများဖြင့် Video Call ဖြင့် ဖျော်ဖြေမှုပေးသည့် အလုပ်ကို လုပ်ကိုင်ကြသည်။

” ရှာတတ်မှရမယ်။ အရင်က Chat ဖူးတဲ့သူကို အပူလိုက်ကပ်၊ သူက မှတစ်ဆင့် Chat ဖို့ ချိတ်။ အဲ့လိုပေါ့။ Chat ဖူးတဲ့ ကောင်တွေကလည်း လျှိုချင် လျှိုထားတာလေ။ အွန်လိုင်းကနေ တွေ့တာတွေကတော့ အလိမ်ခံရဖို့ များတာပေါ့” ဟု ကိုမျိုးကြီးက ပြောသည်။

ထိုအချိန်က ဖေ့စ်ဘွတ်ပေါ်မှ Dating Group များမှ တစ်ဆင့် အမျိုးသမီးများကို လိင်လုပ်သားအဖြစ် လုပ်ကိုင်စေသည့် လုပ်ကိုင်စေသည့် လုပ်ငန်းများလည်း ရှိသည်။ အရပ်အခေါ် ပြည့်တန်ဆာခေါင်းက ၄င်းထံ ဆက်သွယ်ရမည့် ဖုန်းနံပတ်ကို ပေးထားပြီး ခေါ်ယူလိုသည့် အမျိုးသမီးငယ်များနှင့် ချိတ်ဆက်ပေးခြင်းမျိုး ဖြစ်သည်။

နေထိုင်စားသောက်စရိတ် ကြီးမြင့်သည့် ရန်ကုန်မြို့၌ မိသားစုနှင့်ခွဲ၍ သီးခြားနေထိုင်သည့် အမျိုးသမီးငယ် အချို့မှာ ကျပ်တည်းမှုကြောင့်သာ
လိင်လုပ်သားအဖြစ် အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်ခဲ့ရသော်လည်း ၄င်းတို့သည် လူသိခံလိုခြင်း မရှိပေ။

ထို့ကြောင့် အဆိုပါ အမျိုးသမီးငယ်များသည် ၄င်းတို့၏ အသိမိတ်ဆွေများ၊ သို့မဟုတ် အွန်လိုင်းမှ တစ်ဆင့် ပြည့်တန်ဆာခေါင်းများနှင့် ဆက်သွယ်မိခဲ့ကြပြီး လိင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်ရန် ဖြစ်လာခဲ့သည်။

အမျိုးသမီးငယ်များနှင့် ချိတ်ဆက်ပေးခအဖြစ် ပြည့်တန်ဆာခေါင်းများကို ငွေကြေးပေးရသလို အမျိုးသမီးငယ်များအတွက် ပေးချေရသည့် ငွေကြေးများကိုလည်း ၄င်းတို့က စီမံခန့်ခွဲသည်။

လုပ်ရိုးလုပ်စဥ်မှာ ယခင်ကတည်းက ရှိနှင့်ခဲ့ပြီးသား ပြည့်တန်ဆာလုပ်ငန်းများ၌ လုပ်ကိုင်နေကြ ခေါင်းပုံဖြတ် စနစ်အတိုင်းပင် ဖြစ်သည်။

ငှားရမ်း ခေါ်ယူလိုသူက ပို့ဆောင်ပေးမည့် တက္ကစီယာဥ်မှအစ ပြည့်တန်ဆာခေါင်းက အားလုံးကို ကိုင်တွယ်ထားပြီး အမျိုးသမီးများက ၄င်းတို့ ပို့ဆောင်သည့် နေရာသို့ သွားရောက် အသုံးတော်ခံရသည်။

” ကျွန်တော်က ချိတ်ပေးတဲ့ ဘဲကို ဖုန်းဆက်တယ်။ ဒီဘဲက Viber လာခိုင်းတယ်။ ဓာတ်ပုံတွေပြတယ်။ ကြိုက်တာရွေးပဲ။ ရွေးပြီးရင် နေရာပြောလိုက် သူ့စီက ကားနဲ့ ကောင်မလေးကို လွှတ်လိုက်တယ်” ဟု အငှားအမျိုးသမီး ခေါ်ယူဖူးသည့် တာမွေမြို့နယ်မှ ကိုလင်းထက်(အမည်လွှဲ)က ပြောသည်။

ဆက်လက်ပြီး ၄င်းက ” အစ်ကို ခေါ်နေကျ ကောင်မလေးနဲ့ အဆင်ပြေလို့ သူ့ကို ထပ်ခေါ်ချင်လည်း ခေါင်းကနေ တစ်ဆင့်ပဲရမယ်။ တစ်ခါတစ်လေ ပိုက်ဆံပြတ်တဲ့အချိန်ဆို အဆင်ပြေခဲ့တဲ့ ကောင်မလေးစီ ဖုန်းအရင်ဆက် သူကမှ ခေါင်းကို ပိုက်ဆံ စိုက်ပေးထား၊ ပြီးမှ ပြန်ပေးပေါ့” ဟု ကိုလင်းထက်က ပြောပြသည်။

အခြေအနေမှာ လိင်လုပ်သား အဖြစ် လုပ်ကိုင်သူ အမျိုးသမီးမှာ ၄င်းပိုင်ဆိုင်သည့် သွေးသားအား ၄င်းကိုယ်တိုင်ပင် လွတ်လွတ်လပ်လပ် ရောင်းချခွင့် မရသည့် ပုံစံမျိုး ဖြစ်သည်။

ရန်ကုန်မြို့၌ ယခင်ကတည်းက ရှိခဲ့ပြီးသား ပြည့်တန်ဆာ လုပ်ငန်းများကလည်း မြို့ပြ၌ ပေါ်ပေါ်တင်တင် ပင်ရှိနေခဲ့သည်။ အနှိပ်ခန်း အမည်ခံ အချိန်ပိုင်း လိင်ပိုင်းဆိုင်ရာ ပျော်ပါးနိုင်သည့် ပြည့်တန်ဆာလုပ်ငန်းများကလည်း ရန်ကုန်မြို့ အနှံ့တွင် ရှိနေသည်။

” ရှော့ဘိ လို့ ခေါ်တာပေါ့ဗျာ။ တစ် Section ကို ၄၅မိနစ်၊ တစ်သောင်း၊ တစ်သောင်းခွဲလောက်ပေးရတယ်။ ကိုဗစ်မတိုင်ခင်က ၁၈၀၀၀ ဖြစ်လာတယ်။ အခုတော့ မသိဘူးဗျ။ မရောက်တာကြာပြီ” ဟု ကိုလင်းထက်က ပြောပြသည်။

ကိုလင်းထက် ပြောပြသည့် “ရှော့ဘိ” ခေါ် အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာလုပ်ငန်းများ၌ လိင်လုပ်သား အဖြစ်လုပ်ကိုင်နေရသူ အမျိုးသမီးများမှာ Section တစ်ခုစာ လိင်ဖျော်ဖြေမှု ပေးရခြင်းအတွက် ငွေကျပ် ငါးထောင်ဝန်းကျင်သာ ရရှိသည်။

တစ်နေ့တာတွင် Section ရရှိမှု အပေါ် မူတည်ပြီး ဝင်ငွေရရှိကြကာ အချို့ လူကြိုက်များသည့် အမျိုးသမီးငယ်များသည် နေ့စဥ် Section ဆယ်ခုထက်မနည်း ဝင်ရသည်မျိုးပင် ရှိသည်ဟု ကိုလင်းထက်က ပြောပြသည်။

သို့သော် လာရောက်ပျော်ပါးသူများ ပေးချေသည့် Section ကြေးများကိုမူ ပြည့်တန်ဆာခေါင်းများနှင့် ၄င်းတို့၏ အပေါင်းအပါများက ထိန်းချုပ်ထားသည်။ ၄င်းတို့က ရရှိသည့် Section ကြေး၏ ထက်ဝက်ကျော် ပမာဏကို ရယူထားပြီး သုံးပုံတစ်ပုံခန့်ကိုသာ ခန္ဓာကိုယ်ရင်း၍ သွေးသားပေးဆပ်ရသူ အမျိုးသမီးက ရရှိခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ ဘတ်စ်ကားမှတ်တိုင်များ၊ လမ်းမများ နံဘေး၌ သွေးသားရောင်ချရန် အလို့ငှာ ရှိနေသည့် အမျိုးသမီးများစွာကိုလည်း ညနေပိုင်း အချိန်များ၌ တွေ့မြင်နိုင်သည်။

၄င်းတို့ကိုလည်း ပြည့်တန်ဆာခေါင်းများကပင် ထိန်းချုပ်ထားပြီး သက်ဆိုင်ရာ နယ်မြေအလိုက် ရဲကို လိုင်းကြေးပေး၍ လိင်လုပ်သား အဖြစ်လုပ်ကိုင်သူ အမျိုးသမီးများကို မဖမ်းဆီးရန် ကြိုတင်ညှိနှိုင်းထားသည်။

ညှိနှိုင်းမှုအဖြစ် ရံဖန်ရံခါ လိုင်းကြေးကောက်သည့် ရဲနှင့် ၄င်း၏ အပေါင်းအပါများက လိင်လုပ်သား အမျိုးသမီးများကို အခမပေးပဲ ပျော်ပါးသွားသည်များလည်း ရှိသည်။

” ကျွန်တော့် ဘော်ဒါက အဲ့ဒီတုန်းက သာကေတမှာ ရဲလေ။ ဒီကောင်ခေါ်လို့ လိုက်သွားတာ။ တိုင်းရင်းသားကျေးရွာနားမှာပေါ့။ ဒီကောင့်ကို တွေ့တာနဲ့ ခေါင်းတွေ ဆရာကနေ မချတော့ဘူး။ ပြီးတော့ ကြိုက်ရာ လက်ညှိုးထိုး ရွေးရုံပဲ။ တစ်ပြားမှ မပေးခဲ့ရဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်ကြီး ကိုဇင်မင်းက ၂၀၀၆ခုနှစ်က ၄င်းကြုံခဲ့ဖူးသည့် အကြောင်းကို ပြောပြသည်။

ဆက်လက်၍ ၄င်းက ” အဓိကက နယ်မြေခံ ရဲပဲလေ။ နယ်ခံရဲက မမြင်ချင်ယောင် ဆောင်ပေးထားရင် အေးဆေး လုပ်စားလို့ရတယ်။ တစ်ချို့ကျတော့လည်း ခေါင်းက ညစ်လို့ ရန်တွေ ဖြစ်တော့၊ အကြပ်ခံရပြီး ရဲက ဖမ်းတာတွေ ခဏခဏပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခွင့်ကို တရားဝင်ခွင့်ပြုထားခြင်း မရှိပေ။ အကျိုးဆက် အနေအဖြင့် အခြေအနေ အမျိုးမျိုးအရ လိင်လုပ်သား အဖြစ် လုပ်ကိုင်သူ အမျိုးသမီးများမှာ ပြည့်တန်ဆာခေါင်းများနှင့် အာဏာပိုင် ရဲများ၏ အနိုင်ကျင့် ခေါင်းပုံဖြတ်မှုများ အောက်၌ အသားကျ နေထိုင်နေရသည်။

ရန်ကုန်မြို့တွင်း၌ပင် အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာလုပ်ငန်းများက ပေါ်ပေါ်တင်တင်ပင် ရှိနေသော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ဖမ်းဆီးခံရခြင်းမျိုး မဖြစ်ခဲ့ပေ။

” ဒီနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လိုင်စင် မပေးထားဘူးလေ။ လုပ်နေတာတွေ အကုန်က တရားမဝင်ဘူးလို့ ဥပဒေကြောင်းအရ ဆိုလို့ရတာပေါ့” ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

ထို့ကြောင့် လိင်လုပ်သား အမျိုးသမီးများအတွက် ဖမ်းဆီးမခံရရေးမှာ ပြည့်တန်ဆာခေါင်းများ ပြုသမျှ နု၍ အဆင်ပြေပြေ နေထိုင်ရန်သာ ဖြစ်နေခဲ့ရသည်။

စစ်အာဏာသိမ်းမှု၏ အကျိုးဆက်က ပြည့်တန်ဆာလုပ်ငန်းများ အပေါ်လည်း သက်ရောက်မှုများ ရှိသည်ကို တွေ့ရသည်။ ပြည့်တန်ဆာခေါင်းအများစုမှာ နယ်ခံ လူမိုက်များဖြစ်ပြီး ၄င်းတို့ထဲမှ အများအပြားသည် စစ်ကောင်စီနှင့် အပေးအယူလုပ်ထားကြသည်ဟု သိရသည်။

” အစ်ကိုတို့ လုပ်မယ်ဆို တစ်ခုပဲရမယ်။ အရင် ဆန္ဒတွေ ပြကြတော့။ ဆန္ဒပြပွဲတွေမှာ ထပ်ပါနေမလား၊ ကိုယ့်ဘာသာ လုပ်စရာရှိတာ လုပ်မလားဆိုတာမျိုး ဖြစ်လာတယ်။ အစ်ကိုတို့က နဂိုထဲက တရားမဝင်တွေ လုပ်နေတာ။ ရွေးချယ်စရာ အများကြီး မရှိပါဘူးကွာ” ဟု ရန်ကုန်မြို့ခံ ဇိုး အခေါ် လူမိုက် တစ်ဦးက ပြောသည်။

ထိုသို့ ရဲနှင့် အနီးကပ် ပေါင်းသင်း လုပ်ကိုင်ကြသူများဖြစ်၍ ပြည့်တန်ဆာခေါင်းများအား ရဲသတင်းပေးများအဖြစ် ရန်ကုန်မြို့မှ လူငယ်များက ထင်မြင်ယူဆကြသည်။

သို့ဖြစ်ရာ ပြည့်တန်ဆာခေါင်းများအတွက် အဖမ်းအဆီး မရှိသလောက် ဖြစ်သွားပြီး မူလကထက်ပင် ပို၍ မြင်သာထင်သာ ရှိစွာဖြင့် ပြည့်တန်ဆာ လုပ်ငန်းများကို လုပ်ကိုင်လာသည်ကို တွေ့ရသည်။

” လှိုင်သာယာ နဝဒေးဘက်သာ သွားကြည့်လိုက်။ ခေါင်းလည်း ရှိတာပေါ့။ ပေါ်တင်ပဲ။ Mask တောင် မတပ်ကြဘူး။ အများကြီးပဲ။ ကြိုက်တာ ရွေးခေါ်လို့ရတယ်” ဟု လှိုင်သာယာမြို့နယ်မှ ကိုအောင်ဖြိုးက ပြောပြသည်။

စစ်အာဏာသိမ်းမှုကာလအတွင်း အွန်လိုင်းပေါ်မှ ပြည့်တန်ဆာ လုပ်ငန်းများက သိသိသာသာပင် ထင်ထင်ပေါ်ပေါ် လုပ်ကိုင်လာကြသည်။ များစွာသော Dating ဂရုများ၌ အချိန်ပိုင်း လိင်လုပ်သား အဖြစ် အမျိုးသမီးငယ်များ၏ ဓာတ်ပုံများက စျေးနှုန်းသတ်မှတ်ချက် အမျိုးမျိုးဖြင့် ရှိနေခဲ့သည်။

အွန်လိုင်းပြည့်တန်ဆာလုပ်ငန်းကို အေဂျင်စီ တစ်ခုသဖွယ် လုပ်ကိုင်နေသူအများအပြားကို မြင်တွေ့လာရသည်။ ၄င်းတို့ လက်ဝယ်၌ အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်များစွာက လိင်လုပ်သား အဖြစ်လုပ်ကိုင်ရန် ရှိနေခဲ့သည်။

၄င်းအေဂျင်စီများသည် ဖေ့စ်ဘွတ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ယက်များမှ တစ်ဆင့် ၄င်းတို့နှင့် လက်တွဲ လုပ်ကိုင်မည့် အမျိုးသမီးများကို ဆက်သွယ်ပါရန် ဖိတ်ခေါ်လေ့ ရှိသည်။ ၄င်းတို့ထံ ဆက်သွယ်လာသည့် အမျိုးသမီးငယ်များ၏ မျက်နှာဖျက်ထားသော ဓာတ်ပုံများဖြင့် ပျော်ပါးလိုသူများကို ရှာဖွေကြခြင်း ဖြစ်သည်။

ဓာတ်ပုံများကို ကြည့်၍ ခေါ်ယူရာတွင် အေးဂျင့်ထံသာ ဆက်သွယ်၍ အေးဂျင့်မှ ခေါ်ယူသူထံ ပို့ဆောင်ပေးသည့် ပုံစံမျိုး ရှိသလို အလုပ်လုပ်ကိုင်မည့် အမျိုးသမီးထံ တိုက်ရိုက် ဆက်သွယ်နိုင်သည်များလည်း ရှိသည်။

” အေးဂျင့်က ချိတ်ပေးတာ ရှိတယ်။ တိုက်ရိုက် ချိတ်လို့ရတာ ရှိမယ်။ ဘယ်ဟာပဲ ဖြစ်ဖြစ် ငွေကြိုလွှဲလို့ ပြောရင်တော့ သတိထား လိမ်ခံရဖို့များတယ်။ ” ဟု ကိုလင်းထက်က ပြောသည်။

ထိုသို့ Dating ဂရုများမှ ခေါ်ယူနိုင်သည့် အမျိုးသမီးငယ်များမှာ ၄င်းတို့၏ ဘဝ အကြောင်းကို ပြောပြရန် ငြင်းဆန်လေ့ ရှိပြီး အလုပ်သဘောထက်ပို၍ ရင်းနှီးကျွမ်းဝင်လိုခြင်းမျိုး မရှိဟု ၄င်းတို့နှင့် ဆက်သွယ်ခေါ်ယူဖူးသူ လူငယ်တစ်ဦးက ပြောပြသည်။

” သူတို့ ဘာတွေ ဖြတ်သန်းခဲ့ရတယ် သွားမေးလို့ မဖြေဘူး။ လုပ်စရာရှိတာလုပ် ပျော်စရာ ရှိတာပျော် အချိန်ပြည့်ရင် ပြန်သွားမယ်။ ရင်းနှီးသွားရင်တောင် အကြမ်းဖျင်းပဲ ပြောပြမယ်” ဟု ၄င်းက ဆိုသည်။

အွန်လိုင်းမှ ချိတ်ဆက်ခေါ်ယူနိုင်သည့် အမျိုးသမီးများမှာ စျေးနှုန်းသတ်မှတ်ချက် ၃နာရီစာ ပျော်ပါးခွင့် ကျပ် ငါးသောင်းမှ ကျပ် သိန်းတစ်ရာကျော် ထိရှိနေသည်။ High Class ဟူသည့် အမျိုးအစားခွဲခြားထားမှုမျိုးလည်း ရှိသည်။

အပျိုစင်ဘဝ ကို ရောင်းချသည့် အမျိုးသမီးငယ်များနှင့် ချိတ်ဆက်ပေးသူများလည်း ရှိသည်။ စစ်အာဏာသိမ်းကာလအတွင်း အမျိုးသမီးငယ်များကို လိင်လုပ်သားအဖြစ် လုပ်ကိုင်စေမှုများက ပို၍ ပို၍ ထင်ပေါ်သိသာစွာ မြင်တွေ့လာသည်။

” ခရောင်းရဘူးတဲ့ မယ် လိုမျိုးဆို စျေးက တစ်နာရီစာကို ဆယ်သိန်းကျော်တယ်။ အဲ့ထက်များတာတွေလည်း ရှိတယ်။ တစ်ညကို သိန်းရာကျော်တာလည်း ရှိတယ်။ အမျိုးမျိုးပေါ့။ ” ဟု အွန်လိုင်းပြည့်တန်ဆာလုပ်ငန်း အေးဂျင့် တစ်ခုက ဆိုသည်။

အေးဂျင့်များက ၄င်းတို့နှင့် ချိတ်ဆက်ထားသည့် အမျိုးသမီးငယ်များ၏ မျက်နှာမမြင်ရသည့် ဓာတ်ပုံများဖြင့်သာ ကြေငြာလေ့ ရှိသော်လည်း မခေါ်ယူမီ မျက်နှာကို မြင်တွေ့လိုသူများအတွက်မူ VIP Member ကြေး ကျပ် ၃၀၀၀မှ ကျပ် တစ်သောင်း ဝန်းကျင် ကောက်ခံပြီး ပြသပေးသည်။

ထို့ပြင် ခေါ်ယူသည့် အချိန်တွင်လည်း ချိတ်ဆက်ပေးခအဖြစ် ၄င်းတို့က ငွေကျပ် တစ်သောင်းဝန်းကျင် ကောက်ယူသည်။ အမျိုးသမီးများဘက်က ၄င်းတို့အား မည်သို့ ပေးရသည်ကိုမူ ပြောဆိုလေ့ မရှိကြပေ။

” မျက်နှာမြင်ချင်ရင် VIP ကြေးသွင်းပေါ့။ တစ်ချို့ကောင်တွေက ကိုယ့်ကောင်မလေးများ ပါနေမလားဆိုပြီး လာရှာတဲ့ကောင်တွေ ရှိတယ်လေ။ အမှန်အကန်လား အကြံအဖန်လားကတော့ ကိုယ့်ဘာသာ ချင့်ချိန်ပဲ” ဟု အွန်လိုင်းပြည့်တန်ဆာ လုပ်ငန်းတစ်ခုက ဆိုသည်။

အေးဂျင့်များက ၄င်းတို့ထံ ချိတ်ဆက်ကြသည့် အမျိုးသမီးများမှာ ငယ်ရွယ်ကြပြီး အလုပ်လက်မဲ့ ဖြစ်နေရသူများ၊ ကျောင်းသူများ၊ Single Mother များ၊ တစ်နယ်တစ်ကျေးမှ လာရောက်ပြီး အခက်အခဲ ဖြစ်နေသူများ အများစု ပါဝင်သည်ဟု ဆိုကြသည်။

အချို့သော အမျိုးသမီးငယ်များသည် ငွေကြေးလိုအပ်ချက် ကြီးကြီးမားမား ကြုံနေရ၍ ယာယီသာ လုပ်ကိုင်ရန် ဆက်သွယ်လာခြင်းများလည်း ရှိသည်။

” တစ်ချို့ ကောင်မလေးတွေက သူတို့ ပိုက်ဆံ တအားလိုနေလို့ပါ။ ဘယ်ရက်ကနေ ဘယ်ရက်အတွင်းပဲ လုပ်မှာပါ။ အဲ့ဒီလိုပြောလာရင် သူတို့ပြောတဲ့အတိုင်း ကျွန်တော်တို့က ကြေငြာပေးတယ်။ ” ဟု အွန်လိုင်းပြည့်တန်ဆာအေးဂျင့် တစ်ခုက ပြောသည်။

ထို့ပြင် ငယ်ရွယ်ချောမောသော အမျိုးသမီးငယ်များသည်လည်း စျေးနှုန်းမြင့်မြင့်မားမားဖြင့် ဆက်သွယ်လာခြင်းများလည်း ရှိသည်။ အေးဂျင့်များကမူ အဆိုပါ အမျိုးသမီးငယ်များကို High Class အဖြစ် သတ်မှတ်ပြီး ချမ်းသာသည့် သူများဖြင့် ချိတ်ဆက်ပေးလေ့ ရှိသည်ဟု ဆိုသည်။

” High Class ကျတော့ ခေါ်ချင်တိုင်း ခေါ်မရဘူး။ ပိုက်ဆံ ပေးတိုင်း မလိုက်ဘူးပေါ့။ အနေအထားကြည့်တယ်။ ဟိုတယ်ဆိုကောင်းမှ၊ လူဆိုသန့်မှ ချမ်းသာမှ ဆိုတာမျိုးပေါ့။ ကျွန်တော်တို့ စီမှာ အစားစား ရှိတယ်” ဟု အေးဂျင့်တစ်ခုက ပြောပြသည်။

ထိုသို့ အွန်လိုင်းပေါ်၌ ပေါများလာသည့် ပြည့်တန်ဆာလုပ်ငန်းများ အပေါ် အမြင်ကွဲလွဲမှုများလည်း ရှိသည်။ အချို့က တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရမည်ဟု ယူဆကြသလို အချို့ကလည်း အရာရာ ကျပ်တည်းနေသည့် ကာလအတွင်း အလုပ်အကိုင်ရှားပါးနေမှုကြောင့် ယခုလို ဖြစ်လာသည်ဟု ယူဆသူများလည်း ရှိသည်။

” စက်ရုံတွေ ပိတ်တယ်။ အလုပ်တွေ ပြုတ်ကျတယ်။ လူငယ်တွေ အလုပ်မရှိကြတော့ဘူး။ နိုင်ငံရေးကလည်း လမ်းပျောက်နေတယ်။ အဲ့ဒီတော့ အမျိုးသမီးတွေ ဒီဘဝ ရောက်ရကုန်တာ စနစ်ကြောင့်ပဲ။ အလုပ်အကိုင် အခွင့်အလမ်းပေါများနေရင် ဘယ်လုပ်မလဲ” ဟု အလုပ်သမာ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ကျန်းမာရေး ရှုထောင့်အရ ကြည့်ပါက ယခုကဲ့သို့ ပြည့်တန်ဆာလုပ်ငန်းများ ထိန်းချုပ်မှု ကင်းမဲ့နေခြင်းမှာ HIV ကဲ့သို့သော ကူစက်ရောဂါများ ဖြစ်ပွားနိုင်ချေ မြင့်မားလာနိုင်ဖွယ် ရှိနေခြင်း ဖြစ်သည်။

အွန်လိုင်းပြည့်တန်ဆာ လုပ်ငန်းအေးဂျင့်များက ၄င်းတို့ ကြေငြာပေးသည့် အမျိုးသမီးများမှာ အကာအကွယ်ဖြင့်သာ လက်ခံသည်ဟု ဆိုကြသည်။

သို့သော် ပြည့်တန်ဆာများနှင့် ပျော်ပါးလေ့ရှိသည့် သူငယ်ချင်းတစ်စု HIV အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုက ရန်ကုန်မြို့၌ ပြီးခဲ့သည့်လပိုင်းက လူအများ မသိခဲ့သော်လည်း ဖြစ်ပွားခဲ့သည်။

” ကျွန်တော်က ဒီကောင်တွေနဲ့ မလိုက်မိတာ။ ဒီကောင်တွေ ၇ယောက်လောက် အကုန် HIV တွေ့ကုန်တယ်။ ကံကောင်းလို့ဗျာ။ ဒီကောင်တွေက အကုန်ပတ်ခေါ်နေတာလေဗျာ” ဟု ရန်ကုန်မြို့တွင်း၌ နေထိုင်သည့် လူငယ်တစ်ဦးက ၄င်းတို့၏ အကြောင်းကို ပြောပြသည်။

ယခု အကြောင်းရာသည် စစ်ကောင်စီအာဏာသိမ်းယူပြီးနောက် ကျပ်တည်းလာသည့် လူမှုဘဝများအတွင်းမှ ဖြစ်စဉ်တစ်ခုဖြစ်သည်။ ယခင်ကာလများတွင် ယခုကဲ့သို့ လုပ်ငန်းများရှိသည် ဆိုသော်လည်း ယခုကဲ့သို့ များပြားခြင်းများ မရှိခဲ့။ စားဝတ်နေရေး ခက်ခဲမှုများ၏ နောက်ကွယ်တွင် ဒုစရိုက်မှုများအပြင် ယခုကဲ့သို့ သွေးသားရောင်းချသူများ ပိုမိုလာခဲ့ခြင်းဖြစ်သည်။