သူကောင်းပြုကာ စွမ်းရည်ဘွဲ့ပေးရန် စီစဉ်ထားသည့် ဗိုလ်မှူးချုပ်မင်းမောင်အား စစ်ကောင်စီ လာဘ်စားမှုဖြင့် အမှုဆင်ထောင်ချရန်ပြင်ဆင်

Author လင်းနွေဦး
Categories
Published on Mar 20, 2024

လောက်ကိုင်ဒေသကွပ်ကဲမှုဌာနချုပ် တစ်ခုလုံး မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ထံသို့ လက်နက်ချခဲ့ရသည့် ဖြစ်စဉ်အတွင်း လက်နက်မချဘဲ တပ်ဖျောက် ထွက်ပြေးခဲ့သည့် ဗိုလ်မှူးချုပ်မင်းမောင်အား စစ်ကောင်စီမှ လာဘ်စားမှုဖြင့် အမှုဆင် ထောင်ချရန် ပြင်ဆင်နေဟု CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ်ထံ မှ သိရသည်။

 

လောက်ကိုင်မြို့အနီးရှိ ဒေသကွပ်ကဲမှုဌာနချုပ်(ဒကစ) တစ်ခုလုံးမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ ညပိုင်းတွင် MNDAA နှင့် မဟာမိတ် ပူးပေါင်းတပ်များထံသို့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ ဗိုလ်မှူးချုပ် အေးမင်းဦး၊ ဗိုလ်မှူးချုပ် သော်ဇင်ဦး နှင့် ဗိုလ်မှူးချုပ် အောင်ဇော်လင်းတို့ဦးဆောင်မှုဖြင့် စစ်သည်အင်အား ၂၃၄၅ ဦးက လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

 

“အဲ့တုန်းက မင်းအောင်လှိုင်နဲ့ စိုးဝင်းကြား သဘောထားကွဲလွဲပြီး စိုးဝင်းရုံးခန်းကို ရွေ့ပစ်တာတွေတောင် လုပ်ခဲ့တာ ၊ခုက ထွန်းထွန်းမြင့်၊မိုးကျော်သူ၊ဇော်မျိုးဝင်းတို့က သေဒဏ်ချခံထားရတယ်။ မိုးကျော်သူတို့က အကုန်ဇာတ်တွေဖော်တော့ မင်းမောင်ကို ကျားဖြန့်လုပ်ငန်းမှာ ပါတယ်ဆိုပြီး အမှုဆင် ထောင်ချဖို့လုပ်နေတယ်။ဖော်မှလည်းရတော့မှာကို မဟုတ်ရင် တရုတ်ကကြိတ်မှာ” ဟု တပ်တွင်း သတင်းရင်းမြစ်မှ CJ Platform သို့ ပြောသည်။

 

ဗိုလ်မှူးချုပ် မင်းမောင်သည် လောက်ကိုင်မြို့အနီးရှိ ပွိုင့် ၂၂၀၂ ခံစစ်စခန်းအား တာဝန်ယူရပြီး အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး လည်းဖြစ်ကာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် မဟာမိတ်ပူးပေါင်းတပ်များ လောက်ကိုင် ဒကစ သို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကူလာရောက်ပေးခြင်းမပြုဘဲ နောက်လိုက်အင်အား ၃၅၀ ကျော်နှင့် တပ်ဖျောက် ထွက်ပြေးခဲ့သည့် အပြင် စစ်ကောင်စီ မှ လာရောက်ခေါ်ယူသည့် ရဟတ်ယာဉ်များဖြင့် တန်ယန်းမြို့ရှိ အမှတ် (၃၃) ခြေလျင် တပ်ရင်း သို့ သွားရောက်ခိုလှုံခဲ့သူလည်းဖြစ်သည်။

 

တပ်တွင်းသတင်းရင်းမြစ်ပေးပို့မှု အရ CJ Platform မှ ရေးသားဖော်ပြခဲ့သော သတင်းစဉ်တွင် လက်နက်ချ လောက်ကိုင် ဒကစ ဗိုလ်မှူးချုပ်များကို သေဒဏ်ချမှတ်ပြီးချိန်မှသာ ဗိုလ်မှူးချုပ်မင်းမောင်ကို သူကောင်းပြုစွမ်းရည်ဘွဲ့ပေးရန် စီစဉ်ထားပြီး သူ့လူ၊ကိုယ့်ဘက်သား ခွဲခြားဆက်ဆံမှုများပြုလုပ်သည်ဟု ဆိုကာ တပ်တွင်းပုန်ကုန်မှုများ ဖြစ်ပေါ်မည်ဆိုးသဖြင့် ဗိုလ်မှူးချုပ်မင်းမောင်၏ တည်နေရာအား စစ်ကောင်စီမှ ဖျောက်ထားခဲ့ခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်မှ ဆိုသည်။