သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားကို အဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီး တိုက်ပိတ်

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့မှာ ထောင်ဝန်ထမ်းတစ်ဦးက ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင် ၁၆ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သာယာဝတီအကျဉ်းထောင်အတွင်း အခြားအကျဉ်းသားတစ်ဦးနဲ့ ရန်ဖြစ်တယ်လို့ စွပ်စွဲကာ ထောင်ဝန်ထမ်း စိုးမင်း ဆိုသူက ရိုက်နှက်ခဲ့တာဖြစ်ပြီး သူဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် အကြမ်းဖက်လေ့ရှိတဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အကျဉ်းထောင်က လက်အဆစ်ပြုတ်တာကိုတော့ ဆေးကုသထားပေးဆဲပါ။ ကျွန်တော်တို့နိုင်ကျဉ်းကတော့ တိုက်ပိတ်ခံထားရဆဲပဲ ဖြစ်ပါတယ်” လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား ဖြစ်သူ ကိုအောင်သူထက်မှာ ရိုက်နှက်ခံရပြီးနောက် ဆေးကုသခွင့်ချက်ချင်းမပေးဘဲ တခြား နိုင်ငံရေးအကျဉ်းသားတွေက ဝိုင်းဝန်းတောင်းဆိုမှသာ ဆေးကုသခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုအောင်သူထက်ကို အကျဉ်းထောင်အတွင်း ပြသနာရှာသူအဖြစ် စွပ်စွဲ သတ်မှတ်ပြီး တိုက်ပိတ်ခဲ့တာဖြစ်တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အကျဉ်းသားကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တာနဲ့ပတ်သက်ပြီး ထောင်အာဏာပိုင်တွေက ထောင်ဝန်ထမ်း စိုးမင်းကို အပြင်ထွက်ခွင့်ပိတ်တာနဲ့ ထောင်ထဲမှာ နေရာပြောင်းရွှေ့ အရေးယူမှုသာ ပြုလုပ်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေမှာ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပေမဲ့ အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးမယူဘဲ လျစ်လျူရှုနေတာကြောင့် အကြမ်းဖက်မှုတွေ ပိုဆိုးလာနေတယ်လို့ PPNM က ပြောဆိုထားပါတယ်။
ဒါကြောင့် ထောင်အာဏာပိုင်တွေအနေနဲ့ ဒီလို တရားမဲ့ ရိုက်နှက်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုပြီး၊ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ထားကာ တရားမျှတမှု ဖော်ဆောင်တဲ့အချိန်မှာ ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံရမှာ ဖြစ်ကြောင်းလည်း PPNM က သတိပေး ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်