သင်္ဃန်းညီနောင် အနီးတဝိုက် တိုက်ပွဲများဆက်လက်ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိနေဟု ဆို

Author လင်းနွေဦး
Categories
Published on Mar 15, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် အနီးတဝိုက်ရှိ ညီနောင်ဗျူဟာကုန်း၊ ခမရ ၃၅၆ နှင့် ၃၅၇ တပ်ရင်းတို့အား အလုံးစုံသိမ်းပိုက်နိုင်ရေး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ် ပူးပေါင်းဖွဲများမှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို စစ်ကောင်စီဘက်မှ စစ်ကူပစ်အား အများအပြားအသုံးပြုကာ ခုခံနေမှုကြောင့် တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း ဒေသခံများနှင့် မြေပြင်တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကောင်စီမှ စစ်ရေးအရ အချက်အချာကျသည့် စခန်းကုန်းနှင့် တပ်စခန်းများ ထပ်မံမဆုံးရှုံးစေရေး လက်နက်ကြီးများ၊ လေကြောင်းစစ်ကူများ ကို အချိန်ပြည့် အသုံးပြုကာ တော်လှန်ရေးအင်အားစုများထံ တပ်စခန်းများ မကျစေရး အသည်းအသန်ခုခံနေမှုကြောင့် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိနေသည်ဟု မြေပြင်တော်လှန်ရေးရဲဘော် တစ်ဦးမှဆိုသည်။

 

“မနေ့ညထဲက ဖြစ်နေတာပေါ့။ ညီနောင်တဝိုက်မှာ ကျန်တဲ့စခန်းတွေ သိမ်းနိုင်ရေးကြိုးပမ်းနေတယ်။ ဘေးမှာ ရှိတဲ့ ခလရ-၂၇၅ ကလည်း လက်နက်ကြီး ပစ်ကူတွေပေးတယ်။ လေကြောင်းကလည်း တောက်လျောက်ကိုလာတာ။ နှစ်ဘက်ထိခိုက်ကျဆုံး တွေရှိတယ်။ ဒါကိုတော့ ပြောပြခွင့်မရှိဘူးဗျ။ ပြည်သူတွေကိုလည်း ဂရုစိုက်စေချင်တယ်။” ဟု ရှေ့တန်းရောက် မြေပြင်ရဲဘော် မှ CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများ နှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများ ဖြစ်သည့် ဝှေ့ရှမ်း၊ သံပုရာ၊ ရွာသစ် ကျေးရွာများ အပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု အပြင် နေအိမ် များလည်း မီးလောင် ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်၊။

 

“မီးလောင်ဆုံးရှုံးတာဆို ကျွန်မတို့ ရွာ အပါအဝင် အနီးကရွာတွေနဲ့ စုစုပေါင်း အိမ် ခြေ တစ်ရာလောက် ရှိရောပေါ့ ခုဆို။ ဒါတောင် အခုအခြေအနေတွေကြောင့် စာရင်းသေချာ မကောက်နိုင်သေးလို့” ဟု စစ်ရှောင်နေရသည့် အသက် ၅၀ အရွယ် ဝှေ့ရှမ်း‌ဒေသခံ အမျိုးသမီးတစ်ဦးမှ ဆိုသည်။

 

သင်္ဃန်းညီနောင် ​ဒေသတွင် စစ်ကောင်စီလက်အောက်ခံ အခြေစိုက် တပ်စခန်းများဖြစ်သည့် ညီနောင် ဗျူဟာကုန်း၊ ခမရ-၃၅၅ ၊ ခမရ-၃၅၆ နှင့် ခမရ ၃၅၇၊ ညီနောင်ရဲစခန်း ဟူ၍ အခြေစိုက်စခန်းများ များရှိသည့် အနက် မတ်လ ၇ ရက် နှင့် ၈ ရက် နေ့များတွင် ခမရ ၃၅၅ တပ်ရင်းနှင့် ညီနောင် ရဲစခန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့တွင် ခမရ ၃၅၆ တပ်ရင်းအား သိမ်းပိုက်နိုင်ခဲ့ပြီဟု ကနဦးသတင်းများ ထွက်ပေါ်ခဲ့သည်။

 

လက်ရှိတွင် အဆိုပါ ခမရ ၃၅၆ အပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသးသည့် ခမရ ၃၅၇ တပ်စခန်းနှင့် ညီနောင်ဗျူဟာကုန်း စခန်း တို့ကို KNLA ဦးဆောင်သည့် ပူးပေါင်းမဟာမိတ် အင်အားစုများမှ အပြီးသတ် သိမ်းပိုက်ရန် ကြိုးပမ်းမှု ကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုများ ရှိနေခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များမှ ပြောသည်။