သင်္ကန်းညီနောင် ခမရ(၃၅၅)က သိမ်းမိသည့် လက်နက်ခဲယမ်းများ KNU ခင်းကျင်းပြသ

Author လင်းနွေဦး
Categories
Published on Mar 14, 2024

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များ မတ်လ ၇ ရက်က တိုက်ခိုက်သိမ်းနိုင်ခဲ့သော ကရင်ပြည်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်ရင်းမှ  သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ယမန်နေ့ မတ်လ ၁၃ ရက် ညပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည်။

 

ယင်းတပ်ရင်းကို မတ်လ ၇ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။

 

“ပါဝင်တိုက်ခဲ့တဲ့အဖွဲ့တွေကတော့ ပေါင်းစုံပဲဗျ။ အဓိကတော့ ဘယ်သူတွေဘယ်လိုတိုက်တိုက် ‌‌ေွးတွေသေဖို့က အဓိကပါပဲ။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်။ တရားဝင်အဖွဲ့တွေက ထုတ်ပြန်မှုမရှိရင် ကျွန်တော်တို့မှာလည်း ပြောကြားခွင့်မရှိပါဘူး။ ထပ်ပြီး ကျန်တဲ့နေရာတွေ သိမ်းနိုင်ဖို့ကြိုးစားနေပါတယ်။ သတင်းတွေလည်း နားစွင့်ပေးကြပါ။ ကျွန်တော်တို့ အလုပ် ကျွန်တော်တို့ လုပ်နေပါတယ်” ဟု အသက် ၂၃ နှစ်အရွယ် KNLA အထူးတပ်ဖွဲ့ဝင်တစ်ဦး CJ Platform သို့ ပြောသည်။

 

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီ လက်အောက်ခံ ခမရ ၃၅၅ တပ်ရင်းထံမှ MA-1 ၆၅ လက်၊ MA-2 ၁၀ လက်၊ MA-3 ၁၆ လက်၊ MA-4 ၃ လက် ၊ MA 5 (အတို) ၂၅ လက်၊ 7.62/MAS(Sniper) ၂ လက်၊ 12 V (၉ လုံး) တစ်လက်၊  28 mm (ရှဲဂန်း) တစ်လက်၊ ငါးကြင်းမြီး စက်လက် ၃ လက်၊ 81 mm/MA-14 (ရိုင်ဖယ်) ၂ လက်၊ 60 mm (ကွန်မန်ဒိုစိန်ပြောင်း) ၉ ပြောင်း၊ 60 mm (အထိုင်စိန်ပြောင်း) ၂ ပြောင်း၊ (81 mm (စိန်ပြောင်း)  တစ်ပြောင်း၊ RPG ၇ လက်၊ RPG (အသီး) ၁၅၃ လုံး၊ RPG (ပို့ယမ်း) ၁၄၂ တောင့်၊ ပွိုင့် ၅ ကျည် ၂၃၀ဝ တောင့်နှင့် ကျည်ပုံး ၄ ပုံး၊  အီနာဂါ ၇၃ လုံး၊  40 mm (ဗုံးသီး) ၃၄ လုံး၊ 40 mm (မီးခိုးဗုံး) ၄ လုံး၊ လက်ပစ်ဗုံး ၆၅ လုံး၊ 60 mm (အသီး) ၂၉ လုံး၊ 81 mm (အသီး) ၃၈ လုံး၊ တင့်ဖျက်မိုင်း(အကြီး) ၃ ခု၊ တင့်ဖျက်မိုင်း ၂၂ ခု၊ ရှေ့ထွက်မိုင်း ၇ ခု၊ နင်းမိုင်း – ၁၀၅ ခု၊ နင်းမိုင်း (အသေး) – ၆၅ ခု၊ တိုက်မိုင်း – ၆၉ ခု၊ MA ကျည်ဘောက် – ၃၆ ဘောက်၊ MA ကျည် (အဝိုင်းဘောက်) -၂ ဘောက်၊ 7.62 (Sniper ကျည်ဘောက်) – ၁ ဘောက်၊ MA-13 (ကျည်ဘောက်) – ၇ ဘောက်၊ MA-5/MK-2 (ကျည်ဘောက်) -၂၈ ဘောက်) ၊ MA-11(ကျည်ဘောက်) – ၅ ဘောက်၊ လှံစွပ် -၃၇ ချောင်း၊ 5ပွိုင့်56 ကျည် – ၁၀,ဝ၀ဝ တောင့်၊ 7.62/39.G-3 ကျည် – ၁၀,ဝ၀ဝ တောင့်၊ ပွိုင့် ၅ စက်လက် – ၁ လက် နှင့် ပြောင်းပို ၁ ခု၊ ၇ ပွိုင့် ၆၂ နှင့် G-3 ကျည် – ၁၀,ဝ၀ဝ တောင့်၊ ၅.၅၆  ကျည် – ၁၀,ဝ၀ဝ တောင့်၊ လက်ပစ်ဗုံး (စနတ်တံမပါ) – ၁၆ လုံး၊ လက်ပစ်ဗုံး (စနတ်တံပါ) -၂၄ လုံး၊  စစ်သုံး ၆ ဘီးကား -၃ စီး၊ စစ်သုံး တံခါး ၄ ပေါက် -၂ စီး တို့အား သိမ်းဆည်းရမိသည်ဟု KNU မှ ထုတ်ပြန်ထားသည်။

 

လက်ရှိ သင်္ကန်းညီနောင်အနီးတဝိုက်ရှိ ခမရ ၃၇၅ တပ်ရင်း၊ ဗျူဟာကုန်းနှင့် လေးကေ့ကော်ဒေသရှိ စွယ်တော် ဗျူဟာကုန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

 

ထိုသို့တိုက်ပွဲများဆက်လက်ပြင်းထန်နေသဖြင့် အနီးရှိ မြဝတီမြို့ဒေသခံများက စိုးရိမ်ပူပန်မှုများရှိနေသကဲ့သို့ နယ်စပ်ဒေသများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင်ခိုးဝင်ရောက်လာမှုများကို ကိုင်တွယ်ရန် ထိုင်းရဲတပ်ဖွဲ့နှင့် စစ်သားများက နယ်မြေလုံခြုံရေး အထူးကြီးကြပ် လုပ်ဆောင်မှုများရှိနေသည်ဟု မြဝတီနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက်ရှိနေသူ မြန်မာနိုင်ငံသားများက ပြောကြားသည်။