သခင်မ အိမ်အပြန်ကို စောင့်မျှော်နေသည့် တိုက်ချီဒို

Author ပြည်စိုး
Categories
Published on Apr 10, 2023

သင် ခွေးလေးတစ်ကောင် မွေးဖူးပါသလား….။

အလုပ်ကနေ အိမ်အပြန်၊ စျေးကနေ အိမ်အပြန်၊ ကျောင်းကနေ အိမ်အပြန်၊ ခရီးကနေ အိမ်အပြန် သင့်ကို အိမ်အဝမှာ အမြှီးလေးလှုပ်ကာ တအီအီနဲ့ အော်ပြီး ပျော်မြူးခုန်ပေါက် ကြိုဆိုနေမယ့် ခွေးလေးတစ်ကောင်သာရှိခဲ့မယ်ဆိုရင် သင်ပင်ပန်းမှုတွေ ပျောက်ကွယ်ပြီး ပျော်ရွှင်သွားမယ်ဆိုတာ ခွေးလေးတစ်ကောင်ရဲ့ သခင်ဖြစ်ဖူးသူတိုင်း သိနှင့်ပြီးဖြစ်မှာပါ။

စိတ်ဖိစီးမှုတွေ အရမ်းများတဲ့အချိန် သင့်ခြေထောက်ကို လာလာနမ်းတဲ့ ခွေးလေးကို ခေါင်းလေးပြန်ပွတ်ပေးတာဟာ သင်ကိုယ်တိုင်လဲ ကြည်နှုးမှုတွေ ကူးစက်ကုန်ပါလိမ့်မယ်။

ဒီ နွေဦးတော်လှန်ရေးကာလမှာ မတရားမှုကို ရွံ့မုန်းသူတွေဟာ သူတို့ချစ်တဲ့ မိသားစုတွေကို ခွဲခွာကြရတယ် သူတို့ချစ်တဲ့ တိရစ္ဆာန်လေးတွေကို ခွဲခွာကြရတယ်။ ခွေးလေးတွေ ကြောင်လေးတွေကနေ ငှက်ကလေးတွေ ယုန်လေးတွေ ငါးလေးတွေ လိပ်လေးတွေအထိပါ။ မိသားစုကို အလွမ်းပြေစကားပြောလို့ ရနိုင်မယ့် ဒီသခင်မှ ဒီသခင်ဆိုတဲ့ တိရစ္ဆာန်လေးတွေကိုတော့ သူတို့ စကားပြော အလွမ်းဖြေလို့ မရနိုင်ပါဘူး။

DVBသတင်းဌာနက သတင်းထောက်ဟောင်း ကိုရဲဝင့်သူဟာ သူတို့ သိပ်ချစ်တဲ့ ခွေးလေးနှစ်ကောင်ကို ရန်ကုန်မြို့မှ ချန်ထားခဲ့ရတယ် သူတို့ခွေးလေးတွေ ရင်ကွဲပြီး သေသွားတယ်ဆိုတဲ့ သတင်းစကားတစ်ခုကိုလဲ ဖတ်မိဖူးပါတယ်။ ချစ်ခြင်းမေတ္တာတွေက အရမ်းလေးနက်တယ်မလား။

မြန်မာပြည် ဒီမိုကရေစီရဲ့ လမ်းပြတစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ဥစ္စာပစ္စည်း ကိုယ်ပိုင် ပိုင်ဆိုင်မှုဆိုလို့ တစ်ခုတည်းရှိခဲ့ပါတယ်။ ဒါဟာ ပုပ္ပားတောင်ခြေက ခြံလေးပါပဲ။

မြန်မာ့ဒီမိုကရေစီအရေးအတွက် အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရ လင်ယောင်္ကျားဖြစ်သူကိုပါ တစ်သက်တာ ပြန်တွေ့ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် သားငယ်ဖြစ်သူ အဲရစ်ကင်မ်နဲ့ အတူတူ ပထမဆုံးသော ပြည်တွင်း အလည်အပတ်ခရီးအဖြစ် ပုဂံကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ပုပ္ပါးတောင်ခြေအနီးက ခြံလေးကိုပါ သွားရောက်လည်ပတ်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကင်မ်နဲ့အတူတူ သူတို့သားအမိရဲ့ နှစ်ဦးတည်းသာ နားလည်မယ့် ချစ်ခြင်းမေတ္တာတဲ့ ဖြစ်တဲ့ ခွေးလေး တိုက်ချီဒိုလဲ ဒီခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။

တိုက်ချီဒိုဆိုတာ မိသားစုကိုပစ် နိုင်ငံကိုပဲ ချစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သားငယ်က အမေဖြစ်သူ အဖော်မမဲ့ရေး လက်ဆောင်ပေးခဲ့တဲ့ ခွေးလေးပါ။ အညိုရင့်ရောင် အမွှေးဖွားလေးနဲ့ ခြေထောက်နဲ့ ရင်ဘတ်မှာ အဖြူကွက်ကျားလေးပါဝင်တဲ့ ခွေးလေးပေါ့။

ခြံငယ်လေးကို ရောက်ရှိချိန်မှာ တိုက်ချီဒိုလေးဟာ ခြံအတွင်းမှရှိတဲ့ စမ်းချောင်းလေးထဲကို ပြေးဆင်းသွားပြီး ပျော်မြူးစွာ ရေကစားတယ်လို့ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လုံခြုံရေးအရ လိုက်ပါခဲ့ဖူးသူ မိတ်ဆွေတစ်ဦးက ပြောဆိုခဲ့ဖူးပါတယ်။

နယ်အိမ်အကျယ်ချုပ်တလျှောက် အနီးကပ်ဆုံး အဖော်အဖြစ်ရှိခဲ့တဲ့ တိုက်ချီဒိုလေး ရေကစားနေတာကို ချောင်းစပ်ကနေ ပြုံးပြီးထိုင်ကြည့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သဘာဝအတိုင်းလှနေတဲ့ ခြံလေးကို သူ့တစ်သက်သာမှာ ပထမဆုံးသော ပိုင်ဆိုင်မှုအဖြစ် ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ခြံရှင်ဖြစ်သူက ပေးချင်သလောက်ပေးပါလို့ ဆိုခဲ့တာတောင်မှ စစ်ဗိုလ်ချုပ်တွေလို အလကားမယူခဲ့ဘဲ ခေတ်ကာလရဲ့ တန်ရာတန်ကြေးကို ပေးဝယ်ခဲ့တာပါ။

၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ကို တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်တက်ရောက်ဖို့ နေပြည်တော်ကို သွားရောက်တိုင်း တိုက်ချီဒိုလေးကို စိတ်မချလို့ နေအိမ်မှာ ကျန်ရစ်သူတွေကို အမြဲဂရုစိုက်ဖို့ မှာလေ့ရှိတယ်လို့ ၅၄ ခြံဝင်းအတွင်းမှာ နေထိုင်သူတွေရဲ့ ပြောကြားမှုတွေကို မှတ်သားဖူးပါတယ်။ အတော်ချစ်ရှာမှာပဲ။ သူ့အတွက် သင်္ကြန်မဏ္ဍပ်ဟာ တပ်တွင်းသင်္ကြန်မဏ္ဍပ်တွေလောက် မခန့်ညားခဲ့ပေမယ့် သခင်တစ်ဦးရဲ့ ခွေးလေးအပေါ်ထားတဲ့ ချစ်ခြင်းတွေမြင်တွေ့ခဲ့ဖူးမှာပါ။

နှစ်ပေါင်းများစွာ မခွဲခွာခဲ့တဲ့ သခင်နဲ့ ခွေးလေးဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ မတရားအာဏာသိမ်းယူအပြီးမှာ တစ်ကြိမ်ပြန်လည် ခွဲခွာရဖို့ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မတရားဖမ်းဆီးပြီး စိတ်တွင်းရှိ အမှုများ ဥပဒေများနဲ့ အမှုလုပ်တရားစွဲပြီးနောက်မှာ သက်သေခိုင်လုံမှုထက် ဖမ်းချုပ်နိုင်ရေးကိုသာ ဦးတည်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အမှုများစွာနဲ့ ထောင်ဒဏ်များစွာကို ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ယာယီထိန်းသိမ်းထားတဲ့ နေပြည်တော်ရှိ နေအိမ်တစ်ခုမှ နေပြည်တော်အကျဉ်းထောင်ကိုပါ ပြောင်းရွေ့ထိန်းသိမ်းခဲ့ရာမှာတော့ တိုက်ချီဒိုလေးဟာ သခင်နဲ့အတူတူ နေထိုင်ရဖို့ မဖြစ်နိုင်ခဲ့တော့ပါဘူး။

၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းမှာတော့ သတင်းစကား တစ်ခုပျံ့နှံ့လာခဲ့ပါသေးတယ်။ တိုက်ချီဒိုလေး သေသွားပြီတဲ့။ လူအများဝမ်းနည်းခဲ့ကြရပြီးနောက်မှာတော့ တိုက်ချီဒိုလေး ကျန်းမာစွာရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆီက သတင်းစကား ထွက်ပေါ်ခဲ့ပါတယ်။

၅၄ခြံဝင်းအတွင်းမှ မိတ်ဆွေများရဲ့ ဆိုစကားများအရတော့ တိုက်ချီဒိုလေးဟာ ကျန်းမာသော်လည်း နေမကောင်းဘူးလို့ သတင်းစကား ကြားသိရပါတယ်။ သခင်ဖြစ်သူကို မျှော်လင့်နေရင်း ကျန်းမာအောင်နေထိုင်နေရပေမယ့် နေထိုင်လို့မှ မကောင်းဘူးပေါ့။ သူ့သခင်ကရော နေပြည်တော်အချုပ်နှောင်တွင်းကနေ ဘယ်လောက်များ လွမ်းနေမလဲ။ တိုက်ချီဒိုလေးကရော ဘယ်လောက်များ သတိရနေမလဲ။ တိုက်ချီဒိုလေးသာ စာရေးတတ် ဖုန်းပြောတတ်မယ်ဆိုရင် သူဘာတွေများ ပြောချင်နေမလဲ။ သခင်ပြန်လာချိန်မှာ အမြှီးလေးလှုပ်ကာ ပြေးကြိုဖို့အတွက် သူနေမကောင်းပေမယ့် ကျန်းမာအောင် သူနေနိုင်မယ်လို့မျှော်လင့်ရင်း …….။