လောက်ကိုင်မြို့ အတွင်းသို့ လက်နက်ကြီးကျရောက်ပြီးနောက် လေယာဉ်ဖြင့်ပါ ဗုံးကြဲ

Author လဂွန်းအိမ်
Categories
Published on Nov 06, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အတွင်းသို့ နိုဝင်ဘာလ ၅ ရက်နေ့ ညတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်ပါ လာရောက် ဗုံးကြဲခဲ့ကြောင်း လောက်ကိုင်မြို့ရှိ ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးထံမှ သိရသည်။

 

‌လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ ဒကစ ( ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်မှု ပြုလုပ်လေ့ရှိပြီး နိုဝင်ဘာ ၅ ရက် ညဦးပိုင်းတွင် မြို့တွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပြီးနောက် ည၁၀နာရီ ၄၅မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် မြို့အနီးသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

” ဒစကထဲကနေ ဒီကောင်တွေ မှားပစ်တာလား မူးနေကြလားမသိဘူး ဒီနေ့ည မြို့ထဲတစ်လုံးဝင်လာတယ်၊ အခုပြောနေရင်း တိုက်လေယာဉ်နဲ ဗုံးလာကြဲသွားတယ် အခန်းတောင်တုန်တယ်၊ ဘာမှမရှိပဲ ဘာကိုပစ်သွားလဲ မသိဘူး” ဟု လောက်ကိုင်ရှိ ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးမှ CJ Platform သို့ပြောသည်။

 

စစ်ကောင်စီ၏ ဒစကတပ်မှ မြို့အဝင်ရှိ အထပ်မြင့်တိုက်၏ ၁၁ လွှာတွင် နေရာယူထားကာ အခြားတိုက်များတွင်လည်း ဘန်ကာများဖြင့် အခိုင်အမာ ပြုလုပ်ထားပြီး စစ်ဆေးရေးဂိတ်များရှိကြောင်း၊ ဂိတ်စောင့်များမှာလည်း ည ၇ နာရီဝန်းကျင် ဆိုပါက အနီးရှိ တိုက်များတွင် ကင်းပုန်းဝပ် နေရာယူထားလေ့ရှိကြောင်း ၎င်းကဆိုသည်။

 

လောက်ကိုင်မြို့ရှိ စစ်ကောင်စီဂိတ်များတွင် စနိုက်ပါ သေနက်သမား တစ်ဦးစီရှိကြောင်းလည်း သိရှိရပြီး ထုတ်ပြန်ချက်များ ထွေထွေထူးထူး ထုတ်ပြန်ထားခြင်း မရှိသော်လည်း ညနေ ၆ နာရီတွင် ဂိတ်များပိတ်ကာ ထိုဂိတ်များတွင် ဖြတ်သန်းရသည့် ဆိုင်ကယ်ကားများ မီးပိတ်ပြီးမှ ဖြတ်သန်းရကြောင်း စုံစမ်းသိရှိရသည်။

 

လောက်ကိုင်မြို့တွင် ညမထွက်ရအမိန့်အဖြစ်  ည ၁၀နာရီ၃၀မိနစ်မှစတင်ကာ မနက် ၄နာရီထိ သတ်မှတ်ထားပြီး ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးတင်းမာနေသဖြင့် ကျာဖြန့် အလုပ်သမားများ၊ ကျားဖြန်သူဌေးများမှာ မြို့ကိုစွန့်ခွာသွားပြီးနောက် ၎င်းတိုပ နေထိုင်ခဲ့သည့် အဆောက်အအုံများတွင် စစ်ကောင်စီတပ်များမှ နေရာယူထားခြင်း ဖြစ်သည်။