လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် ရွှေပြည်အေးရွာသား ၁၈ ဦး ထောင်ဒဏ်ချမှတ်ခံရ

Author ခေတ်နီ
Categories
Published on Dec 22, 2022

 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ရှမ်း -ကရင်နီ ဒေသအစပ် ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံခဲ့ရသည့် ရွှေပြည်အေးရွာသား ၁၈ ဦးကို စစ်ကောင်စီမှထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

ရွှေပြည်အေးကျေးရွာသား ၁၉ ဦးကို စစ်ကောင်စီမှ ဖယ်ခုံမြို့နယ်အတွင်းတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရသည့် ရွာသားများအနက် တစ်ဦးမှာ စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးခဲ့ပြီး ကျန် ၁၈ ဦးသည်လည်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး တစ်နှစ်ကျော်ကြာမြင့်ချိန်မှာ စစ်ကောင်စီမှ အကြမ်းဖက် ဥပဒေပုဒ်မ ၅၂ (က)ဖြင့် တောင်လေးလုံးထောင်တွင်း တရားရုံးမှ ထောင် ၃ နှစ်စီ ချမှတ်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါ ဖမ်းဆီး ခေါ်ဆောင်ခံရသူများသည် ဖယ်ခုံမြို့နယ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် စစ်ကောင်စီမှ တောင်ကြီးမြို့ရှိ အရပ်ဖက်တရားရုံးတွင် အကြမ်းဖက် ပုဒ်မဖြင့် တရားစွဲဆိုခဲ့သော်လည်း အမိန့်ချမှတ်ခဲ့ရာတွင်တော့ ထောင်တွင်းတရားရုံးမှ ချမှတ်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ အမိန့်ချမှတ်ခံရမှုပေါ် ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဗညားက “ဒီလိုမျိုးအမိန့်ချမှုအပေါ်မှာ စဥ်းစားချက် နှစ်ခုဖြစ်လာတယ် တစ်ခုက ဒီလိုမျိုးပေါ့ သူတို့စိတ်ထဲရှိသလို တွေ့မျှလူကိုဖမ်း ပုဒ်မတွေနဲ့စွဲနေတာဟာ သူတို့တရားစီရင်ရေးက ပျက်စီးသွားပြီပေါ့ နောက်တစ်ခုက သူတို့ကို တော်လှန်ရင် ဒီလိုမျိုးတွေ ဖြစ်လာမယ်ဆိုတာ ပြချင်တာပေါ့ အကြောက်တရားနဲ့ အုပ်ချုပ်ချင်တဲ့သဘောပေါ့”ဟု CJ Platform သို့ မှတ်ချက်ပြု ပြောကြားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများကြောင့် ၎င်းတို့၏ စစ်ကြောင်းများလုံခြုံရေးအတွက် စစ်ကောင်စီတပ်မှ အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားမှုများလည်း အများအပြားရှိခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဖယ်ခုံ #ရွှေပြည်အေးရွာ #လူသားဒိုင်း