လူမှုကွန်ရက်ပေါ်က တော်လှန်ရေး နှိမ်နင်းခံနေရပြီလား

Author နိုင်ရာဇာမင်း
Categories
Published on May 07, 2023

” တစ်တော့မှာ ပြောချင်တိုင်းပြော ဆဲချင်တိုင်းဆဲလို့ မရတော့ပါဘူး။ ငါတို့ တစ်တော့မှာ ရောက်နေပါပြီ။ ပြည်တွင်းကဆို လွတ်ကို မလွတ်စေရဘူး” ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ် ကျော်စွာက ခြိမ်းခြောက်မှု ဆန်ဆန် ပို့စ်တစ်ခုကို မျှဝေခဲ့သည်။

အဆိုပါ ခြိမ်းခြောက်မှုနှင့် တစ်ပါတည်း တစ်တော့ဆော့သည့် အမျိုးသမီးတစ်ဦးအား Screenshot ပုံ တစ်ခုနှင့်တကွ အမည် လိပ်စာ သိပါက လာရောက်ပြောပါရန်လည်း ကြေညာထားသေးသည်။

ယခုနှစ်ပိုင်းအတွင်း ပြည်တွင်း၌ ဖေ့စ်ဘွတ်နှင့် အပြိုင် တစ်တော့ က အသုံးပြုသူများလာသည့် လူမှုကွန်ယက် ပလပ်ဖောင်း တစ်ခု ဖြစ်လာခဲ့သည်။

အထူးသဖြင့် စစ်တပ်နှင့် ရဲ အသိုင်းအဝိုင်းများက တစ်တော့ကို ပိုမိုနှစ်ခြိုက်စွာ အသုံးပြုတတ်ကြပြီး တော်လှန်ရေး ထောက်ခံသူများကိုမူ တစ်တော့၌ အနည်းငယ်သာ တွေ့ရတတ်သည်။

” Tiktok က ကောင်မလေးတွေ ကြည့်ဖို့ရယ်၊ စကစတွေ ဘာလုပ်လဲ ခွီဖို့ရယ် သုံးတယ်။ ဆော့တော့ မဆော့ဘူး။ ရဲတွေ စစ်သားတွေက Tiktok မှာ ရှယ်ပေါတဲ့ကောင်တွေလေ။ တစ်ခါတစ်လေ ဒီကောင်တွေ အတွင်းသတင်းတွေ ဘာတွေတောင် တွေ့ရတတ်သေးတယ်။” ဟု တစ်တော့ အသုံးပြုသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်း လိုက်ပြီးနောက် ဖေ့စ်ဘွတ်သည် စစ်တပ်ထောက်ခံသူများအတွက် Social Punishment ၏ ဒဏ်၊ များစွာသော ဝေဖန်ပြစ်တင်ရေး ထိုးနှက်သံများဖြင့် ပြည့်နှက်ရာ လူမှုကွန်ယက် ပလပ်ဖောင်း တစ်ခု အဖြစ် ပြောင်းသွားခဲ့သည်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေး တပ်မတော် သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘွတ် ပေ့ချ်သည် အာဏာသိမ်းအပြီး ရက်အနည်းငယ်အတွင်း ဖေ့စ်ဘွတ်က ဖြုတ်ချပစ်လိုက်သည်။

ဖြုတ်ချမခံရမီ ရက်များတွင်လည်း အဆိုပါ ပေ့ချ်သည် စစ်အာဏာရှင် ဆန့်ကျင်သူ ပြည်သူများ၏ ဆဲဆို ဆန့်ကျင်ရေး မှတ်ချက်များဖြင့် ဖုံးလွှမ်းခဲ့ပြီး ဖြစ်သည်။

ဆန္ဒပြ ဓာတ်ပုံများကို ပရိုဖိုင် ကိုယ်စီ ပြောင်း၍ ဖေ့စ်ဘွတ်တစ်ခွင်အား တော်လှန်ရေးသမားများက သိမ်းပိုက်ထားခဲ့သည်။

ထိုအချိန်က အာဏာသိမ်း စစ်တပ်သည် မြေပြင် သပိတ်များအား အင်အားသုံး ဖြိုခွင်းနေစဲ ဖြစ်သဖြင့် ဖေ့စ်ဘွတ်ပေါ်မှ ဆန့်ကျင်သံများအား တုန့်ပြန်ခြင်း နည်းပါးခဲ့သည်။

၂၀၂၁ ခုနှစ် တစ်နှစ်လုံး သန်းနှင့်ချီသည့် လူထုအုံကြွမှု၊ ယင်းနောက် လက်နက်ကိုင် တော်လှန်ရေးသို့ ရုတ်ချည်းကူးပြောင်းမှု၊ မြေပြင်ပျောက်ကြား သပိတ်များ မပြတ်ရှိနေမှု စသည့် အခြေအနေများအား စစ်ကောင်စီတပ်များ ကိုင်တွယ်နေရသည်။

ပြီးခဲ့သည့်နှစ် တွင်မူ အခြေအနေက မြို့ကြီးများ၌ တစ်မျိုးပြောင်းလဲ သွားသည်။ မြေပြင် သပိတ်များရက်စက်ကြမ်းကြုတ်သည့် ဖမ်းဆီးမှုများ အကြား တစ်ဖြည်းဖြည်း လျော့ပါးသွားခဲ့ရသည်။

၂၀၂၂ ခု နှစ် ဇန်နဝါရီလက စပြီး စစ်ကောင်စီသည် ဖေ့စ်ဘွတ်ပေါ်မှာ တော်လှန်ရေး လှုပ်ရှားမှုများအား အားရုံစိုက် ဖမ်းဆီးလာခဲ့သည်။

တော်လှန်ရေးနှင့် ဆက်နွယ်သည့် ပို့စ်တင်ခြင်း၊ မျှဝေခြင်း၊ မှတ်ချက်ပေးခြင်းများ အားလုံးသည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့် ညိစွန်းကြောင်းလည်း ကြေညာလာခဲ့သည်။

ဖေ့စ်ဘွတ်ပေါ်တွင် ကျရှုံးနေသည့် စစ်ကောင်စီသည် တယ်လီဂရန် ချန်နယ်များကို အသုံးပြု၍ ၄င်းတို့ ကျဆုံးနေသည့် အွန်လိုင်း စစ်မြေပြင်ကို ထိန်းချုပ်ရန် ကြိုးစားလာခဲ့သည်။

ဟန်ငြိမ်းဦး အမည်ဖြင့် တယ်လီဂရန် ချန်နယ်သည် စစ်ကောင်စီ၏ ဖေ့စ်ဘွတ် ထိန်းချုပ်ရာတွင် ပထမဆုံး အသုံးပြုလာခဲ့သည့် ၄င်းတို့၏ သတင်းပေးကွန်ယက်တစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်း ဟန်ငြိမ်းဦး တယ်လီဂရန်ချန်နယ်သည် ဖေ့စ်ဘွတ်ပေါ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး ပို့စ်များတင်သူ၊ မျှဝေသူ၊ မှတ်ချက်ပေးသူ များစွာတို့အား ၄င်းတို့၏ ချန်နယ်၌ သတင်းပေး တင်ရှိခဲ့သဖြင့် ဖမ်းဆီးခံရသူ ရာနှင့်ချီ၍ ရှိခဲ့သည်။

ဟန်ငြိမ်းဦး ချန်နယ်အား တယ်လီဂရန်က ဖြုတ်ချပိတ်သိမ်းမှုများ ပြုလုပ်ခဲ့သေးသော်လည်း ချန်နယ်အသစ်များက ဆက်၍ပင် ထွက်ပေါ်လာခဲ့သည်။

ဟန်ငြိမ်းဦး၊ ကျော်စွာ၊ဘညွန့် စသဖြင့် နာမည် ပေါင်းများစွာဖြင့် တယ်လီဂရန်ချန်နယ်များသည် စစ်ကောင်စီ၏ ကျဆုံးနေသော မီဒီယာတိုက်ပွဲအား အဖက်ဆယ်ရန် ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ ချန်နယ်များ၌ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် အား အပုတ်ချခြင်း၊ NUG ၊ CRPH နှင့် တော်လှန်ရေး ရဲဘော်များ၊ ကူညီတိုက်ပွဲဝင်နေသည့် EROs များအား အကြမ်းဖက်များသဖွယ် ပုံဖော်သည့် ဝါဒဖြန့်မှုများကိုလည်း ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ထို့ပြင် ဖေ့စ်ဘွတ်ပေါ်မှ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာ အနည်းငယ်၏ ဝါဒဖြန့်မှုများအား ပြန်လည်၍ ဖော်ပြခြင်းများကို ပြုလုပ်သည်။

အလားတူ တော်လှန်ရေးကာလ ဖြစ်ခဲ့သည့် အမှားအယွင်း များအား ဂရုတစ်စိုက် စောင့်ကြည်နေဖွယ် ရှိပြီး အဆိုပါ အမှားအယွင်းများကို အသုံးချပြီး တော်လှန်ရေးအား ပုံဖျက်ခြင်းများကိုလည်း ပြုလုပ်လေ့ရှိသည်။

” ဆိုကြပါစို့ဗျာ။ စတားစတုန်းက ပန်ဆယ်လိုကို ကစ်လိုက်ပြီ ဆိုပါစို့။ ဒီချန်နယ်တွေက ရဲဝင့်သူ ပြောသမျှ အများကြီးထဲက ပန်ဆယ်လို ကို ပြောတဲ့နေရာကို Edit လုပ်ဖြတ်ယူပြီး ဟော DVB သတင်းထောက်ဟောင်း ရဲဝင့်သူ က ပြောနေပြီ ဆိုတာမျိုး လုပ်ရောလေ။ ကိုယ့်ဘက် တော်လှန်ရေး အင်အားစုတွေ အမြင်မှာက စတားစတုန်း ဘာကို ဆိုလိုတယ်၊ သူဘာဖြစ်နေတယ် ဆိုတာ အချင်းချင်း သိတော့ သူ့ဘာသာ ဘာပြောပြော သိပ်မသက်ရောက်ဘူး။ ဒါပေမယ့် ပြည်သူတွေကြားမှာ ကျတော့ မတူဘူး။ သူတို့ အပေါ်မှာကျတော့ သို့လော သို့လော အခြေအနေတွေက တအားများတယ်။ ဒီလို ဖြစ်အောင်လည်း စကစဘက်က သေချာ အကွက်ချပြီး ဝါဒဖြန့်တတ်တယ်။ ” ဟု စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များကို စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

ဆက်လက်ပြီး ၄င်းက တော်လှန်ရေး အင်အားစုများ အကြား ပွတ်တိုက်မှု အသေးအဖွဲ ပင် ဖြစ်စေကာမူ စစ်လော်ဘီချန်နယ်များအတွက် အကြီးအကျယ် ဝါဒဖြန့်စရာ အကြောင်းတစ်ခု အဖြစ် ပြောင်းသွားတတ်ကြောင်းလည်း ပြောသည်။

အဆိုပါ တယ်လီဂရန် ချန်နယ်များ၏ ဖော်ပြမှုများကြောင့် နာမည်ကြီး အနုပညာရှင်များ၊ ဖေ့စ်ဘွတ်ဆယ်လီများ၊ သာမာန် ဖေ့စ်ဘွတ် အသုံးပြုသူများစွာ စစ်ကောင်စီတပ်များ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

စစ်တပ်ဝါဒဖြန့် ချန်နယ်များက တင်လိုက်တိုင်း အမှန်တကယ် ဖမ်းဆီးခံရဖို့ ဖြစ်တန်ချေ အလွန်များနေပြီ ဟူသည့် ပုံစံမျိုးကို စစ်ကောင်စီဘက်က ပုံဖော်လာခဲ့သည်။

၄င်းတို့၏ ကနဦး တင်ရှိမှုများတွင် မြို့ပေါ်ရှိ လူသိများသည့် သပိတ်ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ စစ်ပညာသင်ရန် ထွက်ခွာသွားသည့် လူငယ်များ၏ အကောင့်များအား ပစ်မှတ်ထားခဲ့သည်ကို တွေ့ရသည်။

​မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့များက အဆိုပါ တော်လှန်ရေး အင်အားစုများကို ပိုက်စိတ်တိုက် ရှာဖွေနေခဲ့ပြီး ဖြစ်သော်လည်း ဟန်ငြိမ်းဦး အပါအဝင် ဝါဒဖြန့်ချန်နယ်များက တင်၍ ဖမ်းသည့်ဟန်မျိုး ပြုလုပ်ခဲ့သည်။

” ကျနော့် သူငယ်ချင်း ထောက်ပို့ ရဲဘော်လေ။ သူ့ကို ဟန်ငြိမ်းဦးက ဓာတ်ပုံတွေရော၊ အိမ်လိပ်စာတွေနဲ့ပါ ဖွလိုက်တယ်။ ဒါပေမယ့် အဲ့ဒီ အချိန်မတိုင်ခင်ကတည်းက သူက အိမ်မှာ မနေတော့ဘူး။ သူ့အိမ်ကိုလည်း လာရှာတာတွေက လုပ်ခဲ့ပြီးပြီ။ ” ဟု တိမ်းရှောင်နေရသည့် လူငယ်တစ်ဦးနှင့် သိကျွမ်းသူ တစ်ဦးက ပြောသည်။

စစ်တပ်ဝါဒဖြန့် ချန်နယ်များသည် ဖမ်းဝရမ်းအား လူသိရှင်ကြား ကြေညာပစ်လိုက်သည့် ပုံစံမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေတွင် နေအိမ်နှင့် မိသားစုထံတွင် ဆက်နေရန် မဖြစ်တော့သည့် တော်လှန် လူငယ်များသည် အိမ်ငှားက တော်လှန်ရေး လုပ်လျင် အိမ်ရှင်ကို အရေးယူပစ်သည်ထိ စစ်ကောင်စီ၏ တင်းကျပ်ထားမှုများကြောင့် မြို့ပြများကို စွန့်ခွာခဲ့ရတော့သည်။

” အိမ်မှာ မနေတော့တာက ကြာပြီ။ မြို့နယ်ပြောင်းပြီး အိမ်ငှားနေနေတာ။ ဟန်ငြိမ်းဦး မတင်ခင်လေးတင် ကျနော်က လွတ်မြောက်နယ်မြေကို သွားပြီးနေပြီ။ တင်လိုက်တော့ နာရီပိုင်းအတွင်း မိဘတွေ အိမ်ကို စကစတွေ ရောက်လာတယ်။ အဖေနဲ့ အမေကိုတော့ ဘာမှ မလုပ်ပါဘူး။ ” ဟု လှိုင်မြို့နယ်၌ မြေပြင်သပိတ် လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။

တော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်သူများအား စစ်ကောင်စီက မြေပြင်၌ ရှာဖွေ ဖမ်းဆီးခြင်း၊ စိတ်ကြိုက်ပြင်ဆင်ထားသည့် ဥပဒေများ ထုတ်၍ တင်းကျပ်ခြင်းများ ပြုလုပ်သလို စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များကလည်း ၄င်းတို့ သတင်းပေးကောင်း၍ ဖမ်းဆီးမှုများ ပို၍ လုပ်နိုင်သည့်ဟန် ဝါဒဖြန့်သည်။

သို့ဖြင့် ၂၀၂၂ခု နှစ်သို့ ရောက်လာချိန်တွင် စစ်ကောင်စီသည် တော်လှန်ရေးနှင့် ဆက်နွယ်သည်ဟု ယူဆသည့် အနုပညာရှင်များ၊ ဖေ့စ်ဘွတ်ဆယ်လီများအား ရှာဖွေ ဖမ်းဆီးမှုများ ပို၍ ပြုလုပ်လာခဲ့သည်။

စစ်အာဏာသိမ်း ကနဦး လူထုအုံကြွမှုကာလက တင်ရှိထားသည့် ပို့စ်များအား ထိုအချိန်က လစ်လျူရှုထားဟန် ပြထားခဲ့သည်။

သို့သော် ၄င်းတို့ ဥပဒေထုတ်လိုက်သည်ဟု ကြေညာခဲ့သည့် ၂၀၂၂ခု နှစ် ဇန်နဝါရီ နောက်ပိုင်း ကာလတွင် တော်လှန်ရေးနှင့် ပတ်သတ်သည့် ပို့စ်တစ်ခုခု တင်ခြင်း၊ မျှဝေခြင်း၊ မှတ်ချက်ပေးခြင်းများကြောင့်ဟု ဆိုကာ အနုပညာရှင်များ အပါအဝင် လူသိများသူ အချို့ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဖမ်းဆီးပေးပါရန် သတင်းဖြန့်ခြင်းနှင့် အတူ အဆိုပါ လူသိများသူများ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးရန် သတင်းဖြန့်ရာတွင် ဝါဒဖြန့် ချန်နယ်များက တော်လှန်ရေးကို ထောက်ခံသည့် အကြောင်း၊ စစ်အာဏာရှင် ဆန့်ကျင်သည့် အကြောင်းများ ရေးသားခြင်း၊ မျှဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကြောင့် ယင်းသို့ ဖမ်းဆီးရန် သတင်းဖြန့်ရခြင်းဟု ဆိုကြသည်။

ဖမ်းဆီးခံရသူများကို လေ့လာကြည့်ရာတွင်မူ ၄င်းတို့သည် ၄င်းတို့၏ လူသိများ ထင်ပေါ်ကျော်ကြားမှုအား စစ်ကောင်စီအတွက် အသုံးမပြုပေးသူများ ဖြစ်သည်။

အလားတူ ၄င်းတို့သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ ဖြစ်ကြောင်း အများက ယုံကြည်လက်ခံသူများ ဖြစ်သကဲ့သို့ စစ်ကောင်စီ၏ မတရားမှုများအားလည်း အစဥ်တစ်စိုက် ကန့်ကွက်နေသူများ ဖြစ်နေသည်ကို တွေ့ရသည်။

ယင်းသို့ လူသိများသူ အချို့ စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များ သတင်းဖြန့်အပြီး ဖမ်းဆီးခံရမှု ဖြစ်စဥ်များ ဖြစ်လာပြီးနောက်တွင် ဖေ့စ်ဘွတ်ပေါ်တွင် ပြည်တွင်းမှ နာမည်ကြီးများ၏ တော်လှန်ရေး အကြောင်းအရာများ၊ စစ်ကောင်စီကို ဆန့်ကျင် ဝေဖန်ပြောဆိုမှုများ သိသာစွာ လျော့ကျသွားခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီသည် ၄င်းတို့ ဖမ်းဝရမ်းထုတ်ထားသည့် နာမည်ကြီးများအား ခံဝန်ထိုးစေ၍ အမှုရုတ်သိမ်းပေးမှုများ ပြုလုပ်လာခဲ့သည်။

” ဆယ်လီတွေက ဒီမှာပဲ လုပ်ကိုင်စားသောက်ဖို့ရာ အဆင်ပြေတာကိုး။ ခံဝန်ထိုးပြီး ဟန်မပျက် ပြန်နေသူတွေလည်း အများကြီးပဲ။ တင်ထားတဲ့ ပို့စ်တွေ Hide တန် Hide ဖျက်တန် ဖျက်၊ နောက်ထပ်လည်း နိုင်ငံရေးနဲ့ ဆိုင်တာတွေ မတင်ကြတော့ဘူးပေါ့။ ဆက်ပြီး ရေးနေတင်နေရင် ဟန်ငြိမ်းဦးက ထ ထ ဖွတော့ Public ပို့စ်တွေဆို အကုန်ဖျက်ထားပြီးကြပြီလေ။ ” ဟု ပြည်တွင်း အနုပညာသတင်းထောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တစ်နိုင်ငံလုံးမှ တော်လှန်ရေး အင်အားစုများအား အကြမ်းဖက်နှိမ်နင်းမှုများ ပို၍ တိုးလုပ်လာခဲ့သည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ အပါအဝင် တော်လှန်ရေးရဲဘော်များကို ကမ္ဘာသိ ကြိုးပေးသတ်ပစ်သည်။ သို့သော် ကျဆုံးခဲ့ရသည့် မိသားစုဝင်များကိုမူ ကြိုးပေးသတ်တော့မည့် အကြောင်း အသိမပေးခဲ့ပေ။

ထို့အတူ လက်ယက်ကုန်းကျေးရွာ ဖြစ်စဥ်ကဲ့သို့ လူမဆန်သည့် အကြမ်းဖက်မှုများအားလည်း ကျူးလွန်ခဲ့သည်။ အညာဒေသတစ်ခွင်၌ ရွာပေါင်းများစွာကို မီးတင်ရှို့ မြေလှန်ဖျက်ဆီးမှုများကိုလည်း ကျူးလွန်ခဲ့သည်။

နေ့စဥ်နှင့်အမျှ ကရင်နီ၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင် ဒေသအနှံ့ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှု ဖြစ်စဥ်များ ဖြစ်ပွားနေခဲ့သည်။

သို့သော် ဖေ့စ်ဘွတ် ပေါ်တွင်တော့ အဆိုပါ စစ်တပ်၏ အကြမ်းဖက်မှုများအား လွတ်လပ်သည့် သတင်းဌာနများနှင့် တော်လှန်ရေးအတွက် စိတ်အားထက်သန်သူ သာမာန်ပြည်သူများ၊ အသက်ပေး၍ တိုက်ပွဲဝင်နေသည့် ရဲဘော်များအကြားတွင်သာ မြင်တွေ့ရမည် ဖြစ်သည်။

ပြည်တွင်း၌ နေထိုင်နေသည့် နာမည်ကြီး များအတွက် စစ်ကောင်စီ ဖမ်းဆီးမည့် အရေးကြောင့် အဆိုပါ အကြမ်းဖက်မှုကိစ္စများအတွက် Speak Out ပြုလုပ်ခြင်းကို လက်ရှောင်နေခဲ့ကြသည်။

တစ်ဖက်တွင်မူ အနုပညာလှုပ်ရှား မှုများကို ၄င်းတို့အား မဆန့်ကျင်လျင် လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးထားခြင်းဖြင့် နာမည်ကြီးများအတွက် ၄င်းတို့၏ ယခင် အလုပ်ကိုသာ အားစိုက်လုပ်ဆောင်ရန် ဖြစ်လာခဲ့သည်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များအတွက် ပြီးခဲ့သည့်နှစ်အတွင်း ပြည်တွင်းမှ ဖေ့စ်ဘွတ်ဆယ်လီများအား ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေမျိုး ကို မြင်တွေ့ခဲ့ရသည်။

အဆိုပါ ဝါဒဖြန့် ချန်နယ်များ၌ သတင်းဖြန့်ခြင်းကို ခံရသူသည် ဖမ်းဆီးမခံရလျင်တောင် သူ၏ ဖေ့စ်ဘွတ်အကောင့်အား ဖျက်လိုက်ရတော့မည် ဖြစ်သည်။

သတင်းဖြန့်လိုက်သည်နှင့် မြေပြင်တွင် စစ်ကောင်စီ တပ်များက လိုက်လံရှာဖွေ ဖမ်းဆီးနေခဲ့ပြီး အခြေအနေသာ ဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်ရန်လည်း ဖြစ်နိုင်ချေ နည်းပါးသည်ဟု ဆိုကြသည်။

” ဒီချန်နယ်တွေမှာ အတင်ခံရရင် ဖမ်းဖို့ စောင့်ကြည့်ပြီးသားလိုဖြစ်နေတာပဲ။ အောင်လ၊ မိုက်တီး၊ ကောင်းကျော် တစ်ယောက်မှ မလွတ်သွားဘူး။ ဒါက နာမည်ကြီးတွေပဲ ရှိသေးတာ။ ဖမ်းပြီးမှ ပြန်လွှတ်ပေးရင်တောင် အကောင့်ကတော့ ပြန်သုံးလို့မရတော့ဘူး။ စကစ လုပ်ပုံက ရတယ် မပူးပေါင်းနဲ့ မင်းတို့လည်း လိုင်းပေါ် ဘာမှ တက်မရေးရဘူး ပုံစံပဲ။ ပြီးမှ ပြန်လွတ်တဲ့ ဖိုးချစ်လို သူတွေလည်း ရှိတယ်။ တစ်ချို့ဆို ဖေ့စ်ဘွတ်မသုံးဘူး။ ဒါပေမယ့် ဟန်ငြိမ်းဦးက တင်လိုက်လို့ဆိုပြီး ဖမ်းခံလိုက်ရတာတွေ ရှိတယ်။ ” ဟု ဟန်ငြိမ်းဦး သတင်းဖြန့်ခံရသဖြင့် စစ်ဆေးခံရသူ တစ်ဦးနှင့် ခင်မင်ရင်းနှီးသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်က စ၍ ဖေ့စ်ဘွတ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်ကောင်စီသည် ယခုနှစ်တွင်တော့ အဖမ်းအဆီးများ ပိုလုပ်ပြလာနေသည်။

အထူးသဖြင့် ၄င်းတို့၏ အကြမ်းဖက်မှုများ အကြောင်း ဆန့်ကျင် ဝေဖန်သံများအား ဖေ့စ်ဘွတ်ပေါ်၌ အရပ်သားများအကြား လုံးဝဆိတ်သုဥ်းစေရန် ကြိုးစားလာနေသည်။

ပြီးခဲ့သည့် ဧပြီလက ပဇီကြီးကျေးရွာသို့ ပေါင် ၅၀၀ ဗုံးကျဲ၍ ကလေးငယ် အများအပြား အပါအဝင် အရပ်သား ၁၆၀ ကျော် သေဆုံးခဲ့သည့် ဖြစ်စဥ် ဖြစ်ချိန်တွင် သေဆုံးသူများအတွက် ဝမ်းနည်းခွင့်ကိုပင် မပေးတော့ချေ။

ပဇီကြီးကျေးရွာ ဝမ်းနည်းဖွယ် ဖြစ်ရပ်အတွက် လူသားချင်းစာနာထောက်ထားမှုကို သွယ်ဝိုက်ဖော်ပြခဲ့သူများကိုပင် စစ်ကောင်စီက ဖမ်းဆီးခြင်းကို ပြုလုပ်ခဲ့သည်။

ပရိုဖိုင် အနက်ပြောင်းသူ၊ ဝမ်းနည်းကြောင်း တင်ရှိသူ၊ ဝမ်းနည်းဖွယ်ဖြစ်ရပ် သတင်းအား ဝေမျှသူ၊ မှတ်ချက်ပေးသူများအား လိုက်လံ ဖမ်းဆီးခြင်းဖြင့် ၄င်းတို့ အကြမ်းဖက်မှုကို အပြစ်မပြောရဲစေရန် ပြုလုပ်လာခဲ့သည်။

ဟန်ငြိမ်းဦး၊ ကျော်စွာ စသည့် ချန်နယ်များက ပဇီကြီးကျေးရွာ ဖြစ်စဥ်နှငိ့ပတ်သတ်ပြီး တစ်နည်းနည်းဖြင့် ဝမ်းနည်းကြောင်း ဖော်ပြသူ တစ်ရာကျော်အား တစ်လအတွင်း သတင်းဖြန့် တင်ရှိခဲ့သည်။

သတင်းစာဆရာ ကိုကျော်မင်းဆွေ၊ နာမည်ကြီး အနုပညာရှင်များ ဖြစ်သည့် မေပန်းချီ၊ မေလသံစဥ် စသည့် လူသိများသူများသည် စစ်ကောင်စီ၏ ပဇီကြီးကျေးရွာ အကြမ်းဖက်မှု ဖြစ်စဥ်တွင် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ဖေ့စ်ဘွတ်ပေါ်၌ ဖော်ပြမိ၍ ဖမ်းဆီးခံခဲ့ရသည်။

အခြားသော ဖမ်းဆီးခံရသူများလည်း ရှိနေနိုင်ပြီး ၄င်း ချန်နယ်များ ဖမ်းဆီးရန် လှုံ့ဆော်သတင်းဖြန့်မှုကို ခံရသူ အားလုံးနီးပါး၏ ဖေ့စ်ဘွတ်အကောင့်များမှာမူ မြင်တွေ့ရခြင်း မရှိတော့ပေ။

ထို့ပြင် စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များသည် ဘက်ပြောင်းလာသည့် အနုပညာရှင်များကို ဝေဖန်ပြစ်တင်ခြင်းများကိုလည်း အကာအကွယ်ပေးထားသည်။

၄င်းတို့၏ ကွန်ယက်များက ဘက်ပြောင်းအနုအညာရှင်များကို ဝေဖန်မှတ်ချက်ပေးသည့် အကောင့်များအား ရှာဖွေပြီး ဖမ်းဆီးပေးရန် သတင်းဖြန့်ပေးခြင်းကို ပြုလုပ်ပေးသည်။

” အရင်ရက်ပိုင်းကပဲ Biggy က သူ့ Page ကနေပြီး ဂျီဖတ်ရယ် ဖလုတ်ရို့စ်ရယ်ကို ဖောက်တယ်။ အဲ့တာကို ဟန်ငြိမ်းဦးတို့ အုပ်စုက တင်လိုက်တယ်။ အနုပညာရှင်တွေကို ရိုင်းစိုင်းနေတယ် ဘာညာပေါ့။ Biggy အဖမ်းခံရမရတော့ မသိရပေမယ့် သူ့ Page ကတော့ ဖျက်သွားပြီ မရှိတော့ဘူး။ အကောင့်ကတော့ ပရိုင်ဖိုင် လော့ချထားပြီး ရှိသေးတယ်” ဟု ရန်ကုန်မြို့ခံ လူငယ် တစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်စဥ်တစ်ခုကို ပြောပြသည်။

သို့ဖြင့် စစ်အာဏာ သိမ်းကာစ အချိန်များက နှင့်ကွဲ ပြားစွာဖြင့် ဖေ့စ်ဘွတ်သည် မလုံခြုံသည့် လူမှုကွန်ယက် တစ်ခု ဖြစ်လာခဲ့သည်။

ဖေ့စ်ဘွတ်အား ထိန်းချုပ်ရန် စစ်ကောင်စီ သတင်းပေးများစွာ ရှိနေပြီး ၄င်းတို့က စစ်အာဏာရှင် ဆန့်ကျင်အဆုံးသတ်ရေး တော်လှန်ရေးကြွေးကျော်သံများ ဖေ့စ်ဘွတ်ပေါ်၌ မမြင်ရတော့ရန် ကြိုးစားနေသည်။

Friend Only ဖြင့် တင်သည့် ပို့စ်များ၊ အကောင့်တုဖြင့် တင်သည့် ပို့စ်များကိုပင် စစ်ကောင်စီ သတင်းပေးများက လိုက်လံရှာဖွေနေပြီး ဝါဒဖြန့် ချန်နယ်များကလည်း ခြိမ်းခြောက် သတင်းဖြန့်ရန် အသင့် ဖြစ်နေမြဲ ဖြစ်သည်။

” အရင်ရက်က ကျနော့် သူငယ်ချင်းကို ဟန်ငြိမ်းဦးက တင်လိုက်တယ်။ အရင်တုန်းက ဆန္ဒပြထားတဲ့ ပို့စ်တွေ SS ရိုက်ပြီးတော့ပေါ့ဗျာ။ ဟန်ငြိမ်းဦး မတင်ခင်တင် ကျနော့်သူငယ်ချင်းက သိပြီးပါပြီ။ ဒါနဲ့ သူကလည်း အခုဘာမှ မလုပ်တော့တာရယ်၊ နည်းနည်း အသိုင်းအဝိုင်းကလည်း ရှိတော့ ညှိလိုက်နိုင်တယ်။ လောလောဆယ်တော့ အကောင့်ဖျက်ထားရတယ်။ ” ဟု စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက ဖမ်းဆီးရန် သတင်းဖြန့်ခြင်း ခံရသူ တစ်ဦး၏ သူငယ်ချင်း ဖြစ်သူက ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက တယ်လီဂရန်မှ တစ်ဆင့် ဖေ့စ်ဘွတ်ကို ထိန်းချုပ်နေရန် ကြိုးစားနေခြင်းအား သတိပြုရန် အရေးကြီးကြောင်း ပြည်တွင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက အကြံပြုသည်။

” တော်လှန်ရေး ကာလ ဆိုတော့ ဆင်ချင်သင့်တာကို ဆင်ခြင်သင့်တယ်။ အရင်တုန်းကဆို ဖေ့စ်ဘွတ်မရှိသေး၊ ဖုန်းတွေ မပေါသေးချိန် စာရွက်တွေရေး လိုက်ဖြန့်ကြ၊ ရှောင်ကြတိမ်းကြပေါ့။ ဖိနှိပ်သူက ဖိနှိပ်မှာပဲ။ လွတ်မြောက်လိုသူကလည်း ရအောင် တော်လှန်ရမှာပဲ။ ဒါပေမယ့် Smart ဖြစ်ဖို့လည်း လိုတာပေါ့။

ဟိုကောင်တွေက ဖမ်းဖို့ အသင့်ပြင်ပြီးမှ ဖွကြတာလို့ မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ပေါ်ထက် အပြင်မှာ တကယ် တော်လှန်ရေးအောင်ဖို့က အရေးကြီးတယ်ထင်ရင် ဆင်ခြင်ကြပါပေါ့။ Public Comment တွေ ပေးတာမျိုး၊ ပို့စ်တင်တာမျိုးတွေက ကိုယ်က လွတ်မြောက်နယ်မြေ မရောက်နေဘူး၊ စကစ နဲ့ မလွတ်နိုင်ဘူးထင်ရင် မလုပ်တာ အကောင်းဆုံးပါပဲ။ ထိုင် ကလစ်နေလို့ လူမမြင်ပါဘူး။ ဥပမာနည်းနည်းပေးကြည့်တာပေါ့” ဟု ၄င်းက ဆိုသည်။

စစ်ကောင်စီသည် ၎င်းကျဆုံးနေသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ၎င်းတို့အား ဆန့်ကျင်သူများကိုပါ မရှိစေရန် ဖိနှိပ်နေခြင်းဖြစ်သည်။ အတင်းအဖျင်းအများစုကိုသာ တင်ပြနေသည့် အဝါရောင်ဆန်သည့် မီဒီယာများကို လွတ်လပ်ခွင့်ပေးထားပြီး ပြည်သူကို မျက်နှာမူသည့် သတင်းဌာနများကို ပိတ်ပင်ကာ သတင်းထောက်များကို ဖမ်းဆီးခြင်းများ လုပ်ဆောင်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် လူမှုကွန်ရက်များမှတဆင့် တော်လှန်ရေးအရှိန်အား မြှင့်တင်နိုင်ခြင်း မရှိစေရန် ပြည်တွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု အကြမ်းဖက်မှုသတင်းများအား မှတ်တမ်းတင်နိုင်ခြင်း မလုပ်ဆောင်နိုင်ရန် ဆောင်ရွက်မှု တစ်ခုဟု ကောက်ချက်ချရမည်ဖြစ်သည်။