လက်လုပ်လက်နက်များ ထုတ်လုပ် အောင်မြင်ခြင်းနှင့်အတူ ပေးဆပ်လိုက်ရသည့် ဘဝများ
လက်လုပ်သေနတ်များ၊လက်လုပ်မိုင်းများဖြင့် စစ်ကောင်စီကိုတော်လှန်ရင်း နယ်မြေစိုးမိုးမှုကို အမိအရယူထားနိုင်သည့် အညာဒေသသည် တမူထူးခြားသည်။
လက်နက်ကိုင်တော်လှန်ရေးကို သေနတ်အစစ်များမပါဘဲ လက်လုပ်သေနတ်များဖြင့် စတင်ခဲ့ခြင်းသည် တော်ရုံသတ္တိဖြင့်မရပေ။အညာသားများကို လေးစားမိသည်။
ကျနော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် KNUထိန်းချုပ်နယ်မြေ တပ်မဟာ ၆မှ အညာဒေသသို့ မေလ ၂၅ရက်နေ့တွင် စတင်ရောက်ရှိခဲ့သည်။
ရောက်ရှိချိန်တွင် လမ်းတစ်လျှောက် လက်လုပ်ခါးချိုးသေနတ်များ ကိုင်ဆောင်ပြီး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ နယ်မြေစိုးမိုးမှုလုပ်ဆောင်နေသည့် PDFရဲဘော်များကို တွေ့ခဲ့ရသည်။ထိုအချိန်မှစ၍ လက်နက်ထုတ်လုပ်ရေးပိုင်းဆိုင်ရာများကို ရိုက်ကူးရေးလုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် လက်နက်ထုတ်လုပ်ရေးစခန်းများသို့ သူစိမ်းများ လာရောက်ခြင်းကို ကန့်သတ်ထားခြင်း၊လျို့ဝှက်ထားခြင်းတို့ကြောင့် အချိန်တော်တော်ကြာသည်အထိ ရိုက်ကူးခွင့်မရခဲ့ပေ။ယုံကြည်မှုတည်ဆောက်ခဲ့ရသည်။
အညာဒေသသို့ရောက်ရှိပြီး ၄လအကြာ စက်တင်ဘာလဆန်းပိုင်းမှာတော့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၆မှ တပ်ရင်းမှူး ကိုနေမင်းနှင့်အဆက်အသွယ်ရရှိခဲ့ပြီး ၄င်း၏ ထုတ်လုပ်ရေးစခန်းသို့ သွားရောက်ကာ ရိုက်ကူးခွင့် ရရှိခဲ့တော့သည်။
အညာဒေသတွင် တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာရှိသည်။ထို့အတူ local PDFများလည်းရှိသည်။တပ်ရင်း တစ်ရင်းတွင် အနည်းဆုံးထုတ်လုပ်ရေးစခန်းတစ်ခုထားရှိသည်။အဓိကအနေဖြင့် ရှေ့ထွက်မိုင်း၊ဆွဲမိုင်း၊၄၀ မမ၊၆၀ မမ၊၈၀ မမ များအပြင် လက်လုပ်သေနတ်များကို ထုတ်လုပ်ကြသည်။
စင်တင်ဘာ ၁၄ရက်နေ့မှာတော့ ကျနော်နှင့်အတူ localတပ်ဖွဲ့ဝင်များ လက်နက်ထုတ်လုပ်ရေးစခန်းတည်ရှိရာသို့ သွားကြသည်။ကျနော်နေထိုင်သည့် ရွာမှ ထုတ်လုပ်ရေးစခန်းသို့ ၄နာရီအကြာဆိုင်ကယ်စီးရသည်။ရောက်ရှိချိန်တွင် ထုတ်လုပ်ရေးစခန်းသို့ ခေါ်မသွားသေးဘဲ ၄င်းတို့ဌာနေတွင် စကားစမြည်းပြောကြသည်။ကျနော်ရိုက်ကူးခြင်သည့် အနေအထားကိုပြောပြသည်။
ထို့နောက်ထုတ်လုပ်ရေးစခန်းရှိရာ တောတွင်းသို့ ခြေလျင်ဝင်ရသည်။
“အဓိကက ထုတ်လုပ်ရေးစခန်းကို ကျနော်တို့က လူတိုင်းပေးမလာဘူး။လုံခြုံရေးအရ နေရာလျို့ဝှက်ထားရတယ်။စစ်ကြောင်းထိုးရင် စစ်ကောင်စီက အရင်ဆုံးထုတ်လုပ်ရေးစခန်းတွေကို ရှာတာဆိုတော့ သတင်းပေါက်လို့မရဘူး”ဟု ကိုနေမင်းကပြောသည်။
မီးစက်သံများ၊တွင်ခုံသံများ၊ကျောက်စက်သံများ တစ်ဖြည်းဖြည်းကြားလာရသည်။မကြာခင် တောတွင်းတစ်နေရာတွင် တည်ဆောက်ထားသည့် ထုတ်လုပ်ရေးစခန်းကို တွေ့မြင်ရသည်။
“လက်လုပ်သေနတ်တွေချည်းနဲ့တော်လှန်ရေးစခဲ့တာကတော့ ၂၀၂၁ လေးလပိုင်းလောက်ကစခဲ့တာ။၅လပိုင်း ၆လပိုင်းလောက်မှာ ထုတ်လုပ်ရေးတွေကို အကောင်အထည်ဖော်ခဲ့တယ်။အဓိကက စစ်ယာဥ်တန်းတွေဖြတ်တဲ့အချိန်ကို လက်လုပ်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်တာ။အထိအခိုက်အရမ်းများတယ်။”ဟု ကိုနေမင်းက ရှင်းပြသည်။
လက်လုပ်သေနတ်များကို ၉လုံးကျည်ထည့်ပစ်ရသည့် အိန္ဒိယခါးချိုးသေနတ်များကို အတုယူကာ စတင်ထုတ်လုပ်သည်။လက်လုပ်ခါးချိုးများသည် တစ်ချက်ပစ်ပြီးပါက ကျည်ခွံကို တုတ်နှင့်ထိုးထုတ်ရသည်။ထို့နောက် ကျည်ပြန်ထည့်ကာ ပြန်ပစ်ရသည်။တစ်ချက်နှင့်တစ်ချက်ကြား အချိန်ယူရသည်။
ထိုအချိန်တွင် စစ်ကောင်စီ၏စီးပွားရေးဖြစ်သည့် Mytelတာဝါတိုင်များကို မိုင်းခွဲကာ ဖြိုချဖျက်ဆီးနေကြချိန်ဖြစ်သည်။
ယခင်က ၆၀မမ၊၈၀မမ စသည့် လက်နက်ကြီးများကို ၂လက်မခွဲရှိ ရေနံပိုက်များဖြင့် ပြုလုပ်ကြရသည်။ပါးလွှာသည့် သံထည်များကို လက်နက်ကြီး အဖူးလုပ်သည်။ယင်းနောက် Mytel တာဝါတိုင်မှရရှိသည့် ပြောင်းများဖြင့် လက်နက်ကြီးပြောင်းများတီထွင်ခဲ့ပြီး Mytelမမဟု ခေါ်တွင်လာတော့သည်။
Mytelတာဝါတိုင်များသည် ပါးလွှာသည်။သို့သော် အကြမ်းခံသည်။သာမန်သံပိုက်များနှင့်မတူ။ပြောင်းကွဲရန် ခတ်ခဲသည်။စိတ်ကြိုက်ပစ်ခတ်နိုင်သည်။သတ္ထုပြောင်းဖြစ်သည့်အတွက် အပူဒဏ်ကောင်းကောင်းခံနိုင်သည်။
၆၀မမ၊၈၀ မမ လက်နက်ကြီးများပစ်ခတ်မည်ဆိုပါက Google Mapကြည့်ကာအကွာအဝေးတိုင်းတာရသည်။အစမ်းတစ်လုံးပစ်ခတ်ကြည့်သည်။တိကျမှုရှိပါက ဆက်တိုက်ပစ်ခတ်သည်။
အကွာအဝေးအနေဖြင့် တစ်မိုင်ကျော်ကျော်ရောက်သည်။လက်နက်ကြီးကျရောက်သည့် ဆယ်တောင်ဝန်းကျင်တွင် ရန်သူရှိပါက သေဆုံးနိုင်သည်။ထိခိုက်ဒဏ်ရာရနိုင်သည်။
လက်နက်ကြီးအဖူးကို သံကျွတ်များဖြင့် ထုတ်လုပ်သည်။အဖူးတွင် ကွဲယမ်းနှင့်ပို့ယမ်း ၂မျိုးရှိသည်။ကွဲယမ်းကို အမိုနီယမ်ဖြင့်လုပ်ရသည်။ယမ်းပျော့ရှာဖွေရန်ခတ်ခဲသည့်အတွက် အိန္ဒိယနိုင်ငံမှ ဝယ်ယူရသည့် C2ကိုသုံးသည်။ကန့်သုံးရသည်။ပို့ယမ်းကို သကြားဝါ ၄ဆနှင့် ယမ်းစိမ်း ၁ဆ မီးသွေး ၂ဆ ရောစပ်ကာ သုံးရသည်။
အဖူး၏အောက်ဆုံးတွင် ပို့ယမ်းထည့်ရသည်။ပို့ယမ်းထည့်ပြီးပါက ခွေးစာဟုခေါ်သည့် သံတိုသံစများထည့်သိပ်ကာ ကွဲယမ်းထည့်ရသည်။အဖူးကို ကျောက်စက်ဖြင့်အရာပေးရသည်။ထိုသို့ပြုလုပ်မှ ကွဲထွက်သည့်အခါ အစများလွင့်စင်မည်ဖြစ်သည်။
ယင်းလက်နက်ကြီးများထုတ်လုပ်ရန် ကုန်ကြမ်းအပါအဝင်ကုန်ကျစရိတ်သည် သက်သာသည်။သို့သော် ယမ်းစျေးကြီးသည်။C2တစ်ဖာကို ၁၂သိန်းအထိပေးရသည်။ထုတ်လုပ်ရန်ကြာချိန် တစ်ပါတ်ဖြစ်သည်။
“ထုတ်လုပ်ရေးနည်းပညာကိုက YouTubeကနေလေ့လာရတယ်။နည်းပညာတွေဖလှယ်ကြတယ်။အစပိုင်းကတော့ မိုင်းကနေစရတယ်။ဘာနဲ့ဘာကို ဘယ်လိုစပ်ရင် ဘယ်လိုကွဲတယ်ဆိုတာမျိုးပေါ့။အဓိကက Onlineနည်းပညာပေါ့။”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
ယခုအခါတွင် အတွဲလိုက်ပစ်ခတ်နိုင်သည့် လက်လုပ်လက်နက်ကြီးများကိုပါ ထုတ်လုပ်လာနိုင်ကြသည်။လက်လုပ်သေနတ်အနေဖြင့်လည်း ခါးချိုးများမှတစ်ဆင့် 5.56၊7.62ကျည်များဖြင့်ထည့်ပစ်ရသည့် တစ်တောင့်ထိုး သေနတ်များတီထွင်လာနိုင်သည်။
တွင်ခုံကောင်းကောင်းရှိသည့်နေရာများတွင် မောင်းတုံးများကို ထုတ်လုပ်ကာ မောင်းပြန်အဆင့်ထိ ထုတ်လုပ်လာနိုင်ကြသည်။
လက်လုပ်သေနတ်များ ထုတ်လုပ်အောင်မြင်လာခြင်းနှင့်အတူ စမ်းသပ်ရာတွင် အထိအခိုက်များကြသည်။ပြောင်းကွဲခြင်းကြောင့် ထိခိုက်သေဆုံးခြင်း၊ယမ်းလှော်ရာတွင် မတော်တဆဖြစ်ခြင်း၊ပြောင်းအတွင်း အဖူးပေါက်ကွဲခြင်းကြောင့် သေဆုံးခြင်းများ ရှိခဲ့သည်။ထို့ကြောင့် ထုတ်လုပ်ရေးစခန်းတစ်ချို့ ပိတ်လိုက်ရသည်အထိ ရှိခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာသည်နှင့်အမျှ နယ်မြေထိန်းချုပ်မှု ပိုမိုရရှိရန် မောင်းပြန်ရိုင်ဖယ်များကို MODကချပေးရန်လည်း အညာဒေသ တော်လှန်ရေးအင်အားစုများက မျှော်လင့်လျက်ရှိသည်။