လက်နက်ခဲယမ်း ဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ဟု MOD အတွင်းဝန်ပြော

Author လင်းခိုင်
Categories
Published on Mar 09, 2023

 

လက်နက်ခဲယမ်းဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က CJ Platform သို့ ပြောကြားသည်။

“အခြားသော ခေါင်းစဉ်များနဲ့ ထောက်ပံ့မှုတွေ လုပ်မှာဖြစ်တယ်။ ဒါကယာယီပေါ့နော်၊ လက်နက်ခဲယမ်း ဝယ်ယူမှုနဲ့ အခြားသော ကိစ္စရပ်တွေမှာ အရေးပေါ် သုံးစွဲမှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ အနည်းငယ်လျော့ချတဲ့ သဘောဖြစ်ပြီးတော့၊ ပြန်ပြီးတော့ အပြည့်အဝ ပေးသွားမှာ ဖြစ်သလို၊ အခြားသော လိုအပ်ချက်တွေကို ထောက်ပံ့နိုင်ဖို့ ကိစ္စလည်း ပိုပြီးဆောင်ရွက်ဖို့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပိုပြီးအားကောင်းအောင် ပြင်ဆင်ဆောင်ရွက်တဲ့ အချိန်မို့လို့ ယာယီဖြစ်တဲ့ ကိစ္စဖြစ်ပြီးတော့ ပိုပြီးအားကောင်းအောင် ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောကြားသည်။

ထိုကဲ့သို့ တပ်ရိက္ခာအား လျော့ချရာတွင်လည်း အနည်းငယ်သာလျော့ချခြင်းဖြစ်ပြီး၊ အခြားသော ခေါင်းစဉ်ဖြင့် ထောက်ပံ့မှုများ ပြုလုပ်သွားရန်ရှိကြောင်း ဦးနိုင်ထူးအောင်က ဆက်လက်ရှင်းပြသည်။

“တပ်ရိက္ခာ ထောက်ပံ့တဲ့ ပမာဏ လျော့ချတယ်ဆိုတာ အနည်းငယ်ပဲဖြစ်ပါတယ်။ အခြားသော ခေါင်းစဉ်နဲ့ ထောက်ပံ့မှုတွေ ပိုပြီးလုပ်သွားဖို့ဖြစ်တယ်။ အရင်တုန်းကတော့ ရိက္ခာဆိုတာထက် အထွေထွေသုံးဖို့ဆိုတဲ့ ပုံစံမျိုးပေါ့၊ ရိက္ခာအပါအဝင်၊ အခြား လိုတာသုံးဖို့ပေါ့” ဟု ဦးနိုင်ထူးအောင်က ပြောကြားသည်။

ထို့ပြင် NUG မှ တော်လှန်ရဲဘော်များကို ထောက်ပံ့သည့် လက်နက်များအနက် တစ်ဝက်ခန့်သည် အညာဒေသသို့ ထောက်ပံ့ပေးထားကြောင်း၊ အညာဒေသအား လျစ်လျူရှု့ထားသည်မှာ မဟုတ်မှန်ပဲ လက်နက်ထပ်မံ တပ်ဆင်ပေးနိုင်ရန်အတွက် ကြိုးစားနေကြောင်း ဦးနိုင်ထူးအောင်က ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ လက်နက်တပ်ဆင်မှု တစ်ဝက်ကျော်က အညာဒေသကို တပ်ဆင်ထားတာဖြစ်ပါတယ်၊ အညာဒေသက တပ်ရင်းတပ်ဖွဲ့ များပြားသလို၊ စစ်ရေးအရလဲ လိုအပ်ချက်တွေများပြားပါတယ်။ ဒါကြောင့်မို့လို့ ထပ်မံပြီးတော့ တပ်ဆင်ဖို့ ကိစ္စကို အစွမ်းကုန်ကြိုးစားပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် အညာဒေသကို လျစ်လျူရှု့ထားတယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါကို အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ဆိုသည်။

လက်ရှိ အညာဒေသတွင် စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့အချို့သည့် တပ်ရိက္ခာ လျော့ချခံရခြင်း၊ လက်နက်လုံလောက်စွာ ရရှိမှုမရှိခြင်း၊ အလှူငွေရရှိမှု နည်းပါးလာခြင်းများကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး၊ အချို့သောအဖွဲ့များသည် တိုက်ပွဲများကိုပင် ရပ်နားထားရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။
ဓာတ်ပုံ – 96 Soldiers -PDF အညာဒေသတပ်ဖွဲ
ပုံစာညွှန်း- အညာဒေသရှိ PDF တပ်ဖွဲ့တစ်ခုအား မြင်ရပုံ
#CjPlatform #အညာ #လက်နက်တပ်ဆင်မှု #တပ်ရင်းရိက္ခာ