လက်နက်ကိုင်တော်လှန်ရေး၊ ကြားကာလအုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပအဖ၊ ပကဖ
အညာဒေသတွင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာခြင်းနှင့်အတူ ကြားကာလ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးသည် ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။
အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်သည်ဟု ဆိုရာဝယ် တိုက်ခိုက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိသလို ထိန်းချုပ်လာနိုင်သည့် နယ်မြေများတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ ဆောင်ရွက်နိုင်ရန် ပအဖ ပကဖ သည်လည်း အရေးပါသည့် နေရာတွင် ရှိလာသည်။
အညာဒေသသည် NUG MOD၏ အာဏာတည်ရာ ၊အစိုးရယန္တရားလည်ပတ်ရာ အချက်အချာကျသည့် ဒေသတစ်ခုဖြစ်နေသည်။ ထို့အတွက် နယ်မြေစိုးမိုးရေးကို အခိုင်အမာတည်ဆောက်ကာ ထိန်းချုပ်မှု အပြည့်အဝ ရယူထားရန် အလွန်အရေးကြီးလှသည်။
“ပအဖ ပကဖ ဖွဲ့စည်းပြီးချိန်ကစပြီး တော်လှန်ရေးနဲ့ ပတ်သက်ပြီး ထိရောက်တာတွေက အများကြီးဘဲ။ ရပ်ကျေး ၊မြို့နယ်တွေရဲ့ ကဏ္ဍအသီးသီး တိုးတတ်ကောင်းမွန်လာတယ်။ စစ်ရေးတစ်ခုတည်းဘဲ မဟုတ်တော့ဘဲ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဥ်တွေကိုပါ လုပ်ဆောင်လာနိုင်တယ်။”ဟု ပုလဲမြို့နယ် ပအဖ ပကဖ ကိုယ်စားလှယ် ကိုဇွဲက ပြောကြားသည်။
ပအဖဆိုသည်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး PDFထိန်းချုပ်နယ်မြေများ အတွင်းရှိ ကျေးရွာများ မြို့နယ်များတွင် စစ်ကောင်စီအုပ်ချုပ်ရေး တရားစီရင်ရေးစနစ်များကို ဖြုတ်ချကာ ပြည်သူလူထုက အုပ်ချုပ်သည့် အုပ်ချုပ်ရေးစနစ် တရားစီရင်ရေးစနစ်ကို အစားထိုးလိုက်ခြင်း ဖြစ်သည်။
“အရင်ကဆို ရပ်ရွာမှာ အမှုအခင်းတွေဖြစ်လာရင် ဘယ်သူ့ကိုတိုင်လို့တို င်ရမှန်းမသိဘူး။ ဘယ်သူဖြေရှင်းပေးမလဲဆိုတာ မသိဘူး။ ဥပဒေမဲ့နေသလိုမျိုး ဘယ်သူ့အဖေခေါ်ရမှန်း မသိဖြစ်တာ။ နောက်ပိုင်း ပအဖ ပကဖ တွေပေါ်မှဘဲ သူတို့က ဖြေရှင်းပေးတယ်။အဆင်ပြေတာပေါ့။”ဟု စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
ပအဖ လုပ်ငန်းစဥ်များအနေဖြင့် ရပ်ကျေး ၊မြို့နယ်အဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ၊ပညာရေး၊ ကျန်းမာရေး ၊ဖွံ့ဖြိုးရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ရခြင်းဖြစ်သည်။
ပကဖလုပ်ငန်းစဥ်များအနေဖြင့် ရပ်ကျေးလုံခြုံရေးများ ဖွဲ့စည်းခြင်း၊ ထိုမှတစ်ဆင့် NUG MOD၏ မူဝါဒများအတိုင်း တပ်ရင်း တပ်ဖွဲ့များဖွဲ့စည်းခြင်း၊NUG MOD အသိအမှတ်ပြု တပ်ရင်း Codeများ ရရှိရန်ကြိုးပမ်းခြင်း စသည့် လုပ်ငန်းစဥ်များ လုပ်ဆောင်ရသည်။
“အခုလို လုပ်ငန်းစဥ်တွေလုပ်ဆောင်ဖို့ ငွေကြေးကဏ္ဍကိုတော့ တရားဝင်အခွန်ငွေ စီးဆင်းဖို့ ဂိတ်တွေဖွင့်ပြီး ဆောင်ရွက်တယ်။”ဟု ပုလဲမြို့နယ် ပအဖ ပကဖ ကိုယ်စားလှယ် ကိုဇွဲက ပြောကြားသည်။
အခွန်ငွေများကို NUG MODအား အခွန်ဆောင်ကာ ပညာရေး၊ကျန်းမာရေး၊ဖွံ့ဖြိုးရေး စသည့် လုပ်ငန်းစဥ်များအတွက် ရာခိုင်းနှုန်းအလိုက် ခွဲဝေသုံးစွဲသည်။
လက်နက်ကိုင် တော်လှန်ရေးအတွင်း လက်နက်ကိုင်အချင်းချင်းဖြစ်ပွားသည့် ပဋိပက္ခများ ၊လက်နက်ကိုင်နှင့် ပြည်သူဖြစ်ပွားသည့် ပဋိပက္ခများကို ပကဖအနေဖြင့် ကြားနေကာ ဝင်ရောက်ဖြေရှင်းရသည်များရှိသည်။
“အဲ့လိုပဋိပက္ခတွေကိုတော့ ကြီးထွားမလာအောင် ပကဖအနေနဲ့ ဘယ်အဖွဲ့အစည်း ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘဲ ဖြေရှင်းပေးရတယ်ပေါ့။”ဟု ကိုဇွဲက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် တော်တော်များတွင် ပအဖ ပကဖများဖွဲ့စည်းကာ ချိတ်ဆက်လုပ်ဆောင်ရေး လုပ်ငန်းများ အားကောင်းလျက်ရှိသလို အားနည်းချက်များသည်လည်း အများအပြားရှိနေပြန်သည်။
” စစ်ကိုင်းအတွင်းမှာတော့ လုပ်ငန်းဆိုင်ရာကိစ္စတွေအတွက် ခရီးသွားမယ်ဆိုရင် တစ်မြို့နယ်နဲ့တစ်မြို့နယ် ချိတ်ဆက်တယ်။ စစ်ကြောင်းရှင်းမရှင်း လမ်းသာမသာ ချိတ်ဆက်မေးမြန်းတယ်။သူတို့က အခြေအနေပြန်ပြောမှ သွားတယ်။ဒေသခံတွေကို ကျော်မလုပ်ဘူးပေါ့။ အဲ့လိုသွားတဲ့အတွက် အန္တရာယ်ကင်းတယ်။”ဟု ကိုဇွဲက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ပအဖ ပကဖ လုပ်ငန်းစဥ်များသည် လွဲချော်မှုများရှိနေသေးသည်ကိုတွေ့ရသည် ။ဥပမာ ပကဖက ၄င်းလုပ်ငန်းစဥ်များကို မလုပ်ဘဲ ပအဖလုပ်ငန်းစဥ်များတွင် ဝင်ရောက် စွတ်ဖက်ခြင်းများ ရှိသည်ကို တွေ့ရသည်။
အလားတူ ရပ်ကျေး ၊မြို့နယ် ၊ခရိုင် ၊တိုင်း အဆင့် ပအဖ ပကဖများအနေဖြင့်လည်း ချိတ်ဆက် လွဲချော်နေမှုများသည်လည်း ရှိနေပြန်သည်ကိုတွေ့ရသည်။ မြို့နယ်က အလုပ်လုပ်သလောက် ခရိုင်က အလုပ်မလုပ်သည့် ပအဖ ပကဖ များလည်း ရှိနေသည်။ ခရိုင်ကအလုပ်လုပ်သလောက် မြို့နယ်က အလုပ်မလုပ်သည်များလည်း ရှိသည်။
အများယူဆသလို ပအဖ ပကဖများသည် NLDပါတီဝင်များ ၊လွှတ်တော်ကိုယ်စားလှယ်များ ကြီးစိုးနေသည့် အဖွဲ့အစည်းမဟုတ်သည်ကို သတိပြုရန်လည်း လိုအပ်သည် ။ထိုသို့ပြောသည့်အတွက် NLDပါတီဝင်များ၊ အမတ်များ မပါဝင်ဘူးလားဆိုသည့် မေးခွန်းများရှိသည်။
အညာဒေသတွင် အာဏာသိမ်းကာစ ထွက်ပြေးတိမ်းရှောင်သွားကြသည့် အမတ်များရှိသည်။ ပြည်ပသို့တိမ်းရှောင်သွားကြသလို EAOs နယ်မြေများသို့ တိမ်းရှောင်သွားသူများလည်း ရှိသည်။ အညာဒေသ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှ ယခုအထိ လုပ်ဆောင်နေသူများလည်း ရှိသည်ကို သတိပြုရမည်ဖြစ်သည်။
စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်အချို့တွင် ပအဖ ပကဖကို NLDပါတီဝင်များ ဦးဆောင်သလို တစ်ချို့မြို့နယ်များတွင် ပါတီဝင်မဟုတ်သည့် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများက ဦးဆောင်သည်။ကျောင်းသားသမဂ္ဂများ ဦးဆောင်သည့် ပကဖ ပအဖ များလည်း ရှိသည်။ အဆိုပါအဖွဲ့အစည်း၃ခု ပူးပေါင်းလုပ်ဆောင်သည့် ပအဖ ပကဖများလည်းရှိသည်။
ပအဖ ပကဖ လုပ်ငန်းစဥ်များသည် ပါတီမူဝါဒများ ၊လုပ်ငန်းစဥ်များနှင့် မတူပေ။ NUG MOD ၏ မူဝါဒများအတိုင်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်ကိုလည်း တွေ့ရသည်။
NUG MODအနေဖြင့် ပကဖ ပအဖ များအားကောင်းလာရေး၊စည်းစနစ်တကျဖွဲ့စည်းမှုများဖြင့် ပြည်သူလူထုကို ဗဟိုပြုသော ယန္တရားတစ်ခုအဖြစ် လည်ပတ်နိုင်ရေးကို ခိုင်မာသည့် မူဝါဒများချမှတ်ကာ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်နိုင်ပေးရန် လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။