ရှမ်းမြောက်ရှိ စစ်ရေးအဓိကျသောနေရာများကို သိမ်းပိုက်ထားနိုင်ပြီဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

Author မင်းထက်
Categories
Published on Oct 27, 2023

၁၀၂၇ စစ်ဆင်ရေးတွင် ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိးမြို့ရှိ စစ်ရေးအဓိကကျသောနေရာအများအပြားကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းတို့၏ ပထမဆုံးစစ်ရေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုထုတ်​ပြန်ချက်ထုတ်သည့် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ချိန်အထိလည်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များနေရာအနှံ့ ဆက်လက်ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးများကို ဆက်တိုက်အသုံးပြုပြီး ခုခံနေသကဲ့သို့ မိမိတို့အနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအဖြစ် တရားဝင်သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ (၂၇) ရက်နေ့ကိုအစွဲပြုသည့် ၁၀၂၇ စစ်ဆင်ရေးကို နံနက် ၄ နာရီခန့်မှစတင်၍ ကိုးကန့်တပ် MNDAA ၏ တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တို့မှ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုးနှင့် နန်ကျွမ်းဒေသများရှိ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီသည် အောက်တိုဘာလ (၂၆) ရက်နေ့မှစပြီး MNTJP/MNDAA ၏ နန်ဖာရှမ်းစခန်း၊ မန်တုံပစခန်းနှင့် ပြောက်ကျားလှုပ်ရှားနယ်မြေများကို လေကြောင်းမှတစ်ဆင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် MNDAA မှ တပ်သား (၁) ဦး ကျဆုံးခဲ့ရပြီး (၄) ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ဗုံးသီးများရွာထဲသို ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၁) ဦးသေဆုံးခဲ့ရပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

Related News

Depend on news