ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများအား မြောက်ပိုင်း မဟာမိတ်အဖွဲ့များမှ တပြိုင်နက် ဝင်တိုက် စစ်ကောင်စီတပ်များ ထိခိုက်မှုများ များပြားနေ

Author အယ်ဒီတာ
Categories
Published on Oct 27, 2023

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော လားရှိုးမြို့အဝင် (ခလရ- ၆၈)စခန်း၊ ကုန်းဆာကျေးရွာအနီးရှိ မုန်းဂျက်စခန်း၊ သိန်းနီမြို့နယ်ရှိ သိန်းနီမြို့စခန်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ (ခလရ-၂၄၁)နှင့် (ခလရ-၂၄၂)၊ နမ့်ခမ်းမြို့ စခန်းသစ်ကုန်း၊ မန်ယန်တောင်ကုန်းပေါ်ရှိ စခန်းများအား ယနေ့ အောက်တိုဘာလ ၂၇ရက်နေ့ မနက်ပိုင်းမှ စတင်ကာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များမှ တပြိုင်နက် ထိုးစစ်ဆင် ဝင်ရောက်နေကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် The Kachin Sub-State Media တွင် ဖော်ပြထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA)၏ သတင်းများဖော်ပြရာ The Kokang တွင် ဖော်ပြထားချက်အရ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေလျက်ရှိကာ လမ်းပိုင်းအချို့အား ပိတ်ထားကြောင်း သိရသည်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေးအဖြစ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA)၊ တအောင်းတပ်မတော် TNLA ၊ ရက္ခိုင့်တပ်တော် AA တို့ပါဝင်သည့် ညီနောင် မဟာမိတ်တပ်ဖွဲ့များမှ Operation 1027 (၁၀၂၇ စစ်ဆင်ရေး)စစ်ဆင်ရေးကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်အပြီးတွင် ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အထိနာကာ လေကြောင်းတိုက်ခိုက်မှုများအား ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းဌာနများ၏ သတင်းဖော်ပြချက်များအရ သိရသည်။

Related News

Depend on news