ရွှေဘိုမြို့နယ်ရှိ ပျူစောထီးရွာအား တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၆၀ဦးအား လက်နက် ခြောက်လက်ဖြင့် လက်ဖမ်းဆီးရမိ

Author မင်းထက်
Categories
Published on Dec 25, 2023

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရှိ စစ်ကာင်စီလက်အောက်ခံ ပျူစောထီးများ နေထိုင်ရာ မြင်းချင်းရွာ အား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ၊  လက်နက်ခြောက်လက် နှင့် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများအား ဖမ်းဆီး ရမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း၏ ဒုတပ်ရင်းမှူး ကိုဇေယျာက CJ Platform သို့ ပြောသည်။

“တိုက်ခိုက်မှုမှာ နေရာယူတာကတော့ ည ၁၀ နာရီစကပ်တယ် ကျနော်တို့က အဖွဲ့သုံးဖွဲ့ သွားရတယ် တစ်ဖွဲ့ကို ၅ မိုင်လောက်သွားရ လမ်းကြားလမ်းတွေကနေ သွားရတာမျိုးရှိတယ် ။မြောင်းထဲကနေ မျက်ကွယ်ပြုပြီး သွားရတာမျိုးတွေ ရှိတော့ ညပိုင်း ၁၀ နာရီလောက်စပြီး အချိန်ယူရတာပေါ့။ တိုက်ပွဲစတာကတော့ ၃ နာ ရီ ၁၀ မိနစ်လောက်ကနေ စတိုက်တယ်” ဟု ၄င်းကဆိုသည်။

ရွှေဘိုမြို့နယ် ၊ မြင်းချင်းပျူရွာအား ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၃ နာရီခန့်က  စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီခန့်အကြာတွင် ရဲများနှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသော ကင်း နှစ်ကင်းနှင့် ဘန်ကာကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊  စစ်ကောင်စီ တပ်သားများ စခန်းချနေထိုင်လျက်ရှိသော စာသင်ကျောင်းကို နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် အပြီးသပ် သိမ်းယူနိုင်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော်ကို လွှင့်ထူနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများမှ ကျေးရွာနေပြည်သူများကို မတရားဖိနှိပ် ဆက်ကြေးကောက်ခြင်း၊ ပျူစောထီး လက်နက်ကိုင်အဖြစ် အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ပြည်သူများ၏ တိုင်ကြားချက်အရ  ရွှေဘိုခရိုင်တပ်ရင်း (၄) ရင်းပူးပေါင်းကာ တိုက်ခိုက်အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၄င်းတိုက်ခိုက်သိမ်းပိုက်မှုအား ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း (MDF – Shwebo)၊ ရွှေဘိုခရိုင်အမှတ် – ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် – ၁၇ တပ်ရင်းနှင့် ရွှေဘိုခရိုင် အမှတ် – ၁၈ တပ်ရင်းတို့မှ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ၊  နယ်မြေခံ မြင်းချင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်မဟာ၊ ဒေါင်းမင်း၊ ဒေါင်းမာန် ပကဖများမှ စစ်ကောင်စီထောက်ပို့လမ်းကြောင်းအား ပိတ်ဆို့ဖြတ်တောက်ရေး တာဝန်ယူကာ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း ဇီးကုန်းပျူရွာမှ ၈၁ မမ – ရှစ်ချက်ခန့်နှင့် RPG နှစ်ချက် ပစ်ကူပေးခဲ့​​သော်လည်း ပြည်သူ့ရဲဘော်များ အထိခိုက်မရှိခဲ့ကြောင်း ၊  ပျူရွာအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးကျောင်းမှ ကား ငါးစီးဖြင့် အင်အားအပြည့်လာရောက်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပျူရွာအတွင်းရှိ ပစ္စည်းများသယ်ဆောင်ခြင်း၊  ရွာအတွင်းမီးရှို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

“မနေ့က သိမ်းပြီး ရဲဘော်တွေ တပ်ပြန်ဆုတ်တာတွေ၊ ဖမ်းမိတဲ့ သုံ့ပန်းတွေ ကဲ့ထုတ်တာတွေကြောင့် အနီးကပ်မကြည့်နိုင်ခဲ့ဘူး၊ ဒီကနေ့ မျက်ဝါးထင်ထင်မြင်ရတာတော့ သူတို့ကိုယ်တိုင် ပစ္စည်းတွေသယ်ပြီး သူတို့ကိုယ်တိုင်မီးရှို့နေတာတော့  အတည်ပြုလို့ရပါတယ်ဗျ” ဟု ဒုတပ်ရင်းမှူး ကိုဇေယျာက ဆိုသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ၁၂ နာရီ၀န်းကျင်ခန့်က စစ်ကောင်စီတပ်သားများသည် မြင်းချင်းရွာအတွင်းရှိ ပစ္စည်းများ သယ်ဆောင်နေခြင်း ၊ ကျေးရွာအတွင်း မီးရှို့ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

 

စခန်းသိမ်းတိုက်ပွဲအတွင်း  ရဲတပ်သား တစ်ဦး၊ ပျူစောထီးလက်နက်ကိုင် နှစ်ဦးတို့အား ချေမှုန်းနိုင်ခဲ့ပြီး၊ တစ်လုံးထိုးဂန်း (၉ လုံးကျည်သုံး) – ငါးလက်၊ ကာဘိုင် တစ်လက် စုစုပေါင်း လက်နက်ငယ် ခြောက်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် စစ်သုံ့ပန်းအဖြစ် ပျူစောထီး ကျား ၂၉ ဦးနှင့် မ ၃၁ ဦးတို့ကို စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး အတင်းအဓမ္မ ပျူအဖြစ်စု ဆောင်းခံရသူများနှင့် သာမန်အရပ်သားများကို စနစ်တကျ စိစစ်ခွဲခြား၍ အစားအသောက်နှင့် ကျန်းမာရေးကိစ္စအ၀၀အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

 

ဓာတ်ပုံ – ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း