ရွှေပြည်အေးတိုက်ပွဲ ၅ရက်ကြာသည်ထိ မြို့ကို PDFများ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ဟုဆို

Author ခေတ်နီ
Categories
Published on Feb 05, 2023

 

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ၅ ရက်ကြာသည်အထိ မြို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ဟု HPDF 124 ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။

ရွှေပြည်အေးမြို့သစ်မှာရှိသည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသည့် စခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး HPDFနှင့် မဟာမိတ်အဖွဲ့များမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း မဟာမိတ်အဖွဲ့များမှ တိုက်ပွဲစတင်သည့်နေ့မှ စတင်ကာ ယနေ့အထိ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်သည်။

“ကျနော်တို့က အခုမြို့ကို ထိန်းထားနိုင်တယ်ပေါ့ သူတို့ဖက်က လှုပ်ရှားမှုကို စောင့်ကြည့်နေတယ်၊ သူတို့ဘယ်လို လှုပ်ရှားမလဲဆိုတာ မူတည်ပြီး ကျနော်တို့က လှုပ်ရှားရမှာပေါ့ လက်ရှိတော့တိုက်ပွဲက ငြိမ်နေတယ် သူတို့ဖက်ကနေ ထိုးစစ်အတွက် အင်အားဖြည့်နေတယ်၊ အခုကတော့စောင့်ကြည့်အနေအထားပါပဲ”ဟု HPDF 124 ပြန်ကြာရေးတာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၀ ခန့်သေဆုံးကာ လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး တိုက်ပွဲ ၃ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာလည်း စစ်ကောင်စီတပ်၏ Mi17 ထောက်ပို့ရဟတ်ယာဥ်တစ်စီးကို မဟာမိတ်တပ်ဖွဲ့များမှ ပစ်ချနိုင်ခဲ့သည်။

ယခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ ရွှေပြည်အေးမြို့ခံ၂၀၀၀ ဝန်းကျင်ခန့်ကိုလည်း စစ်ဘေးလွတ်ရာကို တိမ်းရှောင်းခိုင်းထားကြောင်းကိုလည်း HPDF 124 ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောကြားသည်။

“ကျနော်တို့စသိမ်းခဲ့တဲ့ ညနေတည်းက ပြည်သူတွေကို ရှောင်ဖို့ပြောထားတယ်ဗျ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်မှာစိုးလို့ ရှောင်ခိုင်းထားတာပေါ့၊ ပြည်သူအတော်များများကတော့ ရှောင်သွားကြတယ်”ဟု ပြောသည်။

အဆိုပါ ရွှေပြည်အေးမြို့သစ်သည် ယခင် နအဖ ခေတ်စစ်ကိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေးက ကျေးရွာကြီးအဆင့်မှ မြို့သစ်အဖြစ် တည်ထားခဲ့သည့် မြို့ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရွှေပြည်အေးမြို့ #ဟုမ္မလင်းမြို့နယ်