ရဲဘော်မိုးသောက်

Published on Jun 29, 2023

“ကျနော့် ညာဘက်လက်က လက်တံတောင်ဆစ်လောက်ကနေ ပြတ်သွားတယ်။ဘယ်ဘက်လက်ကတော့ စတီးရိုးတွေ ထည့်လိုက်ရတယ်။သေနတ်ကိုင်လို့တော့ မရတော့ဘူး။ဒါပေမယ့် ပြန်ကျင့်ရင် ရလောက်တယ်။ သက်သာရင်တော့ နယ်မြေပြန်ဆင်းမယ်။”

ရယ်ရယ်မောမောနဲ့ အားရပါးရပြောနေသူကတော့ အသက် ၂၂နှစ်အရွယ် မိုးသောက်လို့ခေါ်တဲ့ PDF ရဲဘော်တစ်ဦး ဖြစ်ပါတယ်။

သူကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ၊ကြွေပုကန်ကျေးရွာမှာ နေထိုင်ပြီး အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ လူငယ်တစ်ဦး ဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းချိန်မှာတော့ ကိုမိုးသောက်တို့ လူငယ်တစ်စုဟာ စစ်ပညာသင်ကြားဖို့ မြန်မာနိုင်ငံအထက်ပိုင်းမှာရှိတဲ့ EROs လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ကြပါတယ်။

“အဖွဲ့ဖွဲ့ဖြစ်တယ်။လူငယ်တွေချည်းပေါ့။ ပြီးတော့ ပွဲတွေဘာတွေ ကလိုက်ကြသေးတယ်။ စစ်ကိုင်းမြေပြင်မှာကို ကျနော်တို့ ၇လလောက်ကြာတယ်။ ပြီးမှ သင်တန်းတတ်ဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။”

ကိုမိုးသောက်တို့ စစ်ပညာသင်ကြားနေစဥ် ၂၀၂၂ နိုဝင်ဘာလမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဲ့နေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကိုမိုးသောက်က အခုလို ပြောပါတယ်။

“လေယာဥ်က ၂ကြိမ် ဗုံးလာကြဲတာ။ ညပိုင်း ၁နာရီ ၁၅မိနစ်မှာ လာကြဲတာ။ အဲ့တုန်းကတော့ ပေါင်မှာ တစ်ယောက်ထိတာရှိတယ်။ ညပိုင်းဆိုတော့ သိပ်မမှတ်မိဘူး။ ဘယ်သူထိတာလဲဆိုတာ။ နောက်ရက် နေ့ခင်း ၁၀နာရီ ၁၅မိနစ်လောက်မှာ တစ်ခါ ထပ်ကြဲတယ်။ အဲ့အချိန်မှာ ကျနော်ထိတာ။”

စစ်ကောင်စီရဲ့ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုမှာတော့ ကိုမိုးသောက်ရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ရပါပြီ။ အဲ့နေ့က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အခုလို ထပ်ပြောပြပါတယ်။

“သင်တန်းပြီးလို့ သင်တန်းကွင်းကနေ ပြန်ကြဖို့ လူစုလိုက်တဲ့အချိန်မှာ လေယာဥ်က ဒုတိယအကြိမ်ရောက်လာတယ်။ နီးရာကတုတ်ကျင်းဆီ ပြေးကြရတာပေါ့။ ကျနော်က ကတုတ်ကျင်းဆီတောင် မရောက်လိုက်ဘူး။ ဝမ်းလျားမှောက်လိုက်တဲ့အချိန်မှာ ပထမဆုံးကြဲတဲ့ ဗုံးသီးနဲ့ ထိတာဘဲ။”

ဗုံးစထိမှန်ပြီးနောက် ကိုမိုးသောက်ဟာ ဝမ်းလျားမှောက်လျက် အနေအထားကနေ ထပြီး ကတုတ်ကျင်းဆီပြေးဖို့ကြိုးစားခဲ့ပါတယ်။ အဲ့အချိန်မှာဘဲ ကိုမိုးသောက်ရဲ့ ညာဘက်လက်ဟာ တံတောင်ဆစ်ကနေ ပြတ်တောက်သွားခဲ့ပါပြီ။ အဲ့ဒါကြောင့် ဘယ်ဘက်လက်ကိုအားပြုပြီး ထဖို့ကြိုးစားခဲ့ပေမယ့် ဘယ်ဘက်လက်လည်း ကြိုးနေခဲ့ပါတယ်။

“ကျနော်ထလို့မရတော့တဲ့အချိန်မှာ ဘေးက ရဲဘော်တွေကို လှမ်းအော်တယ်။ လေယာဥ်ပစ်နေတဲ့ကြားထဲက ရဲဘော်နှစ်ယောက်က ကျနော့်ကို လာဆွဲတယ်။ ကတုတ်ကျင်းထဲရောက်တော့ ကတုတ်ကျင်းဘေး ဗုံးသီးထပ်ကျတယ်။ ကတုတ်ကျင်းထဲ သဲတွေ ခါးတစ်ဝတ်လောက်ထိ ဖုံးသွားတယ်။”

ရရှိခဲ့တဲ့ဒဏ်ရာတွေကို ဆေးကုသဖို့ လွတ်မြောက်နယ်မြေကို သွားခဲ့ရတဲ့ ခရီးလမ်းဟာ ၈ရက်ကြာခဲ့ပါတယ်။ ရရှိခဲ့တဲ့ဒဏ်ရာတွေကို လွတ်မြောက်နယ်မြေမှာ ခွဲစိတ်ကုသမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရပါတယ်။ခြောက်လကြာအောင် ဆေးဝါးကုသမှုခံယူပြီးတဲ့နောက်မှာတော့ ဒဏ်ရာတွေဟာ အနည်းငယ်သက်သာလာခဲ့ပါတယ်။

ဒဏ်ရာတွေ သက်သာလာတယ်ဆိုပေမယ့် နဂိုလုပ်နေကျ တစ်ကိုယ်ရည်အလုပ်တွေ မလုပ်နိုင်တော့ဘဲ အနီးနားမှာ ပြုစုစောင့်ရှောက်ပေးမယ့်သူရှိမှသာ လုပ်နိုင်တော့တယ်လို့ ကိုမိုးသောက်ကပြောပါတယ်။

ရရှိထားတဲ့ဒဏ်ရာတွေကြောင့် လ အတော်အတန်ကြာဆေးဝါးကုသမှုခံယူရမှာဖြစ်တဲ့အတွက်
ပြုစုဖို့အတွက် ညီဖြစ်သူကို စစ်မြေပြင်ကနေ ခေါ်ယူခဲ့ရပါတယ်။

“ရဲဘော်တွေကတော့ ပြုစုပေးကြတယ် ။ကြာလာတော့ ရဲဘော်တွေကို အားနာလာတယ်။ အဲ့ဒါကြောင့် ကျနော့်ညီကို လှမ်းခေါ်လိုက်တယ်။ သူလည်း PDFဘဲလေ။ သူရောက်လာတော့ အဆင်ပြေသွားတယ် ။အားမနာရတော့ဘူး။ ရေချိုးတာ ထမင်းစားတာ အိမ်သာသွားတာကအစ အဆင်ပြေသွားတယ်။”

ဆေးဝါးကုသမှုတွေကို သက်ဆိုင်ရာ EROsက အခမဲ့ တာဝန်ယူ ကူညီစောင့်ရှောက်ပေးထားပါတယ်။

လွတ်မြောက်နယ်မြေအတွင်း ဆေးဝါးကုသမှုခံယူနေချိန် ၂၀၂၃ ဧပြီလမှာ ကိုမိုးသောက်တို့ ဇာတိဖြစ်တဲ့ ကြွေပုကန်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒဏ်ရာတွေသက်သာပျောက်ကင်းသွားရင်တော့ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လုပ်သွားမယ်လို့ ကိုမိုးသောက်ကပြောပါတယ်။

“နောင်တမရဘူး။ ဘယ်သူမှ မထောက်ပံ့လည်းရတယ်။ လက်နက်ကိုင်တော်လှန်ရေးကိုတော့ ဆက်လုပ်မယ် ။နိုင်တဲ့အထိတိုက်မယ်။ ဆေးဝါးကုသပေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းကိုလည်း ကျေးဇူးတင်ပါတယ်။ကျနော်တို့ နိုင်ကိုနိုင်မှာပါ။”လို့ ကိုမိုးသောက်က ပြောပါတယ်။

Related News

Depend on news