ရေးရှိ စစ်ကောင်စီ ချောင်းတောင်တံတားဂိတ်ကို တိုက်ခိုက်မှု  နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

Author သီရိဝင်း
Categories
Published on Mar 15, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ချောင်းတောင်တံတားတွင် အထိုင်ချထားသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယမန်နေ့ မတ်လ ၁၄ ရက် နံနက်အစောပိုင်းက ရေးဘီလူးအဖွဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသည့်အပြင် ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းတော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

 

“လမ်းပေါ်မှာ သူတို့ဘက်က အများကြီးကျနေတာတွေ့ရတယ်။ အတည်ပြုချက်တွေအရတော့ သူတို့ဘက်က နှစ်ဦးလောက် ပွဲချင်းပြီးသေသွားတယ်။ ဒဏ်ရာရတဲ့သူ လေး၊ ငါးဦးလောက်ရှိပြီး ဒဏ်ရာပြင်းထန်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

 

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများတွင် ရေးဘီလူးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး လက်မောင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် ကားတစ်စီးလည်း ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

 

ချောင်းတောင်တံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာသည့် ပြည်သူများထံမှ ငွေကြေးတောင်းခံလေ့ရှိကြောင်း၊ ယင်းတံတားသည် ရေးမြို့နှင့် ချောင်းတောင်ကျေးရွာကို ဆက်ထားသည့်တံတားဖြစ်ပြီး စစ်သားနှင့် ရဲဂိတ် နှစ်ဂိတ်ရှိကြောင်း ရေးမြို့ခံတစ်ဦးက ဆိုသည်။

 

“အဲဒီတံတားက ရေးမြို့နဲ့တော့မဝေးဘူး။ ရေးနဲ့ ချောင်းတောင်ကျေးရွာကို ဆက်ထားတဲ့တံတားပေါ့  ဟိုဘက်ဒီဘက် နီးနီးလေးပဲ။ အဲဒီတံတားဂိတ်မှာက  ပိုက်ဆံလိုရင်ရစ်တယ်။ ပိုက်ဆံကလည်း အမြဲလိုလိုတောင်းနေတာ” ဟု ရေးမြို့ခံအမျိုသားတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က ရေးမြိုနယ်အတွင်းရှိ ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်ကြေးတောင်ခံသည့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်။