ရန်ကုန် Night Life ထဲက ကားဆရာ

Author မောင်ဒဂုံ
Categories
Published on Apr 29, 2023

တာမွေမြို့နယ် ၁၆၅ လမ်းရှိ ညလုံးပေါက်ဖွင့်သည့် ပြည့်တန်ဆာခန်း တစ်ခုထဲမှ လူငယ်တစ်ဦး ထွက်လာခဲ့သည်။ အချိန်က ည ၂ နာရီ ကျော်နေပြီ ဖြစ်သည်။

ဆက်လက် ပျော်ပါးရန် ငွေလက်ကျန် မရှိတော့သဖြင့်သာ ပြန်ရန်ထွက်လာခဲ့ရပေမယ့် မည်သို့ ပြန်ရမည်မှန်းတော့ အဆိုပါ လူငယ် မသိသေး။

ည မထွက်ရ အမိန့် ကလည်း ရှိသေးသည်။ လမ်းတစ်လျှောက်မှာကလည်း စစ်သားတွေ စောင့်နေတဲ့ ဘန်ကာတွေ လှည့်ကင်းတွေကလည်း ရှိနေနိုင်သည်။

” ညီလေး ကားငှား မလို့လား”

အမှောင်ရိပ်ထဲ ရပ်ထားသည့် အိမ်စီး ကားတစ်စီးပေါ်မှ လူတစ်ဦး ထွက်ပေါ်လာသဖြင့် လူငယ် အတန်ငယ် လန့်သွားသည်။

တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည့်ကာလ၌ လုယက်သူများက နေရာတိုင်းတွင် ရှိနေနိုင်သည်လေ။

သို့သော် လမ်းဘေး၌ အခြားသော ရပ်ထားသည့် ကားများ အနီးတွင်လည်း သူ့ကို လှမ်းကြည့်နေသူများရှိနေ၍ လူငယ် ရိပ်စားမိသွားသည်။

လိုင်စင် နံပတ်အနက်ဖြင့် အိမ်စီးကားများသုံး၍ ညမထွက်ရ အမိန့်ကို မလှိမ့်တစ်ပတ် လုပ်နေကြသည့် အငှားယာဥ်မောင်းသမားများပေတည်း။

” တောင်ဥက္ကလာ ဘက်ကို ပြန်မှာ ဘယ်လောက်ယူလဲဗျ” ဟု လူငယ်က ပြောလိုက်သည်။

သူ့ကို လှမ်းမေးသည့် ကားဆရာက တစ်စက္ကန့်မျှ စဥ်းစားလိုက်ပြီးနောက်

” ညီလေး သုံးသောင်းပဲ ပေးပါ” ဟု ပြောလိုက်သည်။

ကားဆရာပြောသည့် စျေးကိုကြားတော့ ရန်ကုန်သား လူငယ်တစ်ယောက် သူ့ကို မတန်တဆ တောင်းနေပြန်ပြီဟု ထင်လိုက်သည်။

သူ အလွန်ဆုံး မှန်းထားသည်က တစ်သောင်းကျပ်လောက်သာ ဖြစ်သည်။ ယခုက ရန်ကုန် မန္တလေး ကားလက်မှတ်ခထက်များသည့် ပမာဏကို တောင်းနေခြင်း ဖြစ်သည်။

” မများလွန်းဘူးလားဗျ ” ဟု လူငယ်က ကားဆရာကို ပြန်ပြောလိုက်သည်။

ကားဆရာက သောက်လက်စ စီးကရက်ကို ဖွာရှိုက်လိုက်ပြီး တစ်ချက်ပြုံးကာ

” ညီလေး အခြားကား ငှားချင်ကားကြည့်လေ အကို တောင်းတာ မများပါဘူး” ဟု သူ့အား ပြန်ပြောလာသည်။

လူငယ်လည်း အနီးရှိ တာမွေ ခုံးကျော် တံတားအောက်သို့ လမ်းလျှောက် ဆက်ထွက်သွားလိုက်သည်။

မြို့ထဲရှိ ပြည့်တန်ဆာခန်းတစ်ခု၌ အဆင်မပြေဖြစ်၍ ည ၁၁ နာရီ ခွဲလောက်ကမှ လူငယ်က ယခု နေရာအနီးရှိ ပြည့်တန်ဆာခန်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူ ဒီကို လာခဲ့တုန်းကတော့ ကားခ တစ်သောင်းသာ ပေးခဲ့ရသည်ကိုး။

ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တော့ ရှင်းလင်းနေသည့် လမ်းမတစ်လျှောက် ကားတစ်စီးတစ်လေများ ဖြတ်သွားခြင်း မရှိ။ အိပ်ထဲ ကြည့်လိုက်တော့လည်း ငွေက တစ်သောင်းခွဲလောက်သာ ရှိသည်။

လမ်းမမှာ တစ်ညလုံး ထိုင်နေဖို့ကလည်း မဖြစ်၊ ပြည့်တန်ဆာခန်း ပြန်သွားဖို့လည်း ငွေက မလောက်သလို လူကလည်း ပင်ပန်းနေလေပြီ။

မထူးတော့ပြီမို့ ကားဆရာ ရှိရာစီသာ လူငယ်ပြန်လှည့်လာလိုက်သည်။ ထို့နောက်

” ကျနော့်မှာ တစ်သောင်းခွဲပဲ ကျန်တော့တယ်ဗျာ။ လုပ်ပါ ကူညီပါ” ဟု ကားဆရာအား ပွင့်ပွင့်လင်းလင်း ပြောပြီး စျေးညှိလိုက်သည်။

ကားဆရာ တစ်ချက် တွေဝေသွားသည်။ သို့သော် ချက်ခြင်းပင် လူငယ်အား ပြုံးပြလိုက်ပြီး

” အေးကွာ မင်းမှာ မရှိတော့လည်း တက်ကွာ လိုက်ပို့ပေးရတာပေါ့။ တစ်သောင်းခွဲနဲ့ပဲ” ဟု ပြောလိုက်သည်။

စျေးညှိ၍ အဆင်ပြေသွားသဖြင့် လူငယ်က ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်ပြီး ကားဆရာကလည်း ကားကို မောင်းထွက်လာခဲ့သည်။

ကားမောင်းထွက်ပြီး တစ်မိနစ်ပင် မရှိသေး ကားဆရာက နောက်ခန်းရှိ လူငယ်အား

” ညီလေး အကို လမ်းကြားတွေထဲက ပတ်မောင်းမယ်နော် မီးတွေ ပျက်နေတော့ နည်းနည်းတော့မှောင်တယ်” ဟု ပြောလိုက်သည်။

လူငယ် တစ်ချက်တော့ စိုးရိမ်မိသွားသည်။ သူ့ လက်ထဲတွင် ငွေသား များများ မပါပေမယ့် ဖုန်းတော့ ရှိနေသေးသည်။

မှုခင်းသတင်းများထဲမှ လုယက်မှုများ အကြောင်းလည်း ခေါင်းထဲပေါ်လာခဲ့သည်။

လူငယ်မျက်နှာပျက်သွားသည်ကို နောက်ကြည့်မှန်မှ တစ်ဆင့် ကားဆရာ သတိထားမိသွားသဖြင့်

” ငါတို့ လမ်းမကြီးကနေ သွားလို့မရဘူး ညီလေး။ လမ်းမှာ စစ်သားတွေ ရှိတယ်။ ဒီကောင်တွေ စောင့်နေတဲ့ ဘန်ကာတွေဘက်ကနေ ဖြတ်လို့ မဖြစ်ဘူး” ဟု လူငယ်အား လှမ်းပြောလိုက်သည်။

ကားဆရာ ပြောလိုက်မှ လူငယ်လည်း အခြေအနေမှန်ကို သဘောပေါက်မိလိုက်သည်။ မဲမဲ မြင်ရာ လျှောက်ပစ်တတ်သည့် စစ်သားများ အနီးက မသွားတာ အကောင်းဆုံး မဟုတ်ပါလော။

သူကိုယ်တိုင်လည်း ဤကိစ္စကို စိုးရိမ်မိနေခဲ့သည်လေ။ သို့သော် ကားဆရာ ထပ်ပြောလိုက်သည့် စကားများကိုကြားမှ လူငယ်လည်း သူထင်တာ ထပ်၍လွဲသွားမှန်း သိလိုက်သည်။

” ဒီလို ငါ့ညီရာ။ နှစ်ထပ်ဘန်ကာပေါ်က ကောင်တွေက ညဘက် ကားမီးရောင်တွေ့တာနဲ့ ဆင်းလာပြီး တားတာပဲ။ ပြီးရင် တောင်းပြီ။ အနည်းဆုံးက သုံးသောင်းပဲ။ မပေးနိုင်ဘူးကွ” ဟု ကားဆရာက ထပ်ပြောလာခြင်း ဖြစ်သည်။

သို့ဖြင့် မောင်းလာရင် မီးကပျက်သွားသဖြင့် သူတို့ကားရောက်နေသည့် နေရာမှ ရပ်ကွက်လမ်းတစ်ခုလုံး အမှောင်အတိကျသွားသည်။

ကားဆရာကလည်း နောက်ခန်းရှိ လူငယ်ကို မျက်ခြေ မပြတ်ကြည့်နေသည်။ ကားတံခါးကိုလည်း မကြာမကြာ ဖွင့်၍နေသေးသည်။

ကားဆရာ၏ ထူးဆန်းသည့် အပြုအမူကြောင့် လူငယ်လည်း ကားဆရာကို အထူးသတိထား စောင့်ကြည့်နေရသည်။

ကားဆရာက ဂီယာ အနီးမှ တစ်စုံတစ်ခုကို လှမ်းလှမ်းကိုင်နေသည်ကို လူငယ်သတိထားမိသွားသည်။ ထို့ကြောင့် ပို၍ပင် မျက်ခြေအပြတ်မခံတော့။

အိတ်ထဲရှိ ဖုန်းကိုလည်း လက်ဖြင့်အုတ်ခဲတစ်ခုသဖွယ် ကိုင်ထားလိုက်သည်။ ကားတံခါးလော့ချမချလည်း စစ်ဆေးလိုက်သည်။ မချထားပေ။

ကားဆရာ လှမ်းကိုင်နေသည်မှာ ဓားတစ်ချောင်းဖြစ်ပြီး သူ့အား လုယက်ဖို့ ကြိုးစားလာပါက မည်သို့ ပြန်ခုခံရမည်ကိုလည်း အဆိုပါလူငယ် စိုးရိမ်စွာ တွေးတောနေမိသည်။

အတွေးလွန်၍လည်း မဖြစ်၊ ကားဆရာ ဂီယာတစ်ချက်ချိန်းတိုင်း သတိမပြတ် လိုက်ကြည့်နေမိသည်။

သို့​ဖြင့် မိနစ်ပိုင်းခန့်အကြာမှာတော့ လူငယ်နေသည့် ရပ်ကွက်ထိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

နေထိုင်ရာ လမ်းထဲဝင်လာပြီဖြစ်၍ လူငယ်၏ စိုးရိမ်မှုကတော့ လျော့ကျသွားခဲ့သည်။

သို့သော် ကားဆရာကတော့ တစ်စုံတစ်ခုကို လှမ်းလှမ်းကိုင်နေတုန်းပင်။

” အစ်ကို ဟိုရှေ့က အိမ်ပဲ” ဟု လူငယ်က ကားဆရာကို လှမ်းပြောလိုက်သည်။

အိမ်ရှေ့ရောက်တော့ လူငယ်က ကားအောက်ဆင်းပြီး ကားခ ရှင်းပေးလိုက်သည်။ထိုအခါမှ ကားဆရာက သူလှမ်းလှမ်းကိုင်နေသည့် အရာအား လူငယ်ကို ထုတ်ပြလိုက်သည်။

အရှည်တစ်ပေခန့် သစ်သားရိုးတပ် တူတစ်ချောင်း။

ထိုတူအား ကိုင်မြှောက်ရင်း စိတ်ပေါ့သွားဟန်ဖြင့် ကားဆရာက

” ငါ့ညီရေ ငါတို့လည်း ရုပ်ကြည့်ပြီး တင်တာဟ။ မင်းကြည့်ရတာ မိကောင်းဖခင် သားသမီးရုပ်လေးမို့တင်တာ။ ဒါပေမယ့် ကာကွယ်ဖို့တော့ ပြင်ထားရတယ်လေ။ အဲ့ဒါကြောင့် ဒီတူကို ဆောင်ထားတာ” ဟု လူငယ်အား ပြောလိုက်သည်။

လူငယ်လည်း ထိုအခုမှ သူတစ်လမ်းလုံး စိုးရိမ်ခဲ့ရသည့် အကြောင်းအရင်းအမှန်ကို နားလည်လိုက်သည်။

သူကြောက် ကိုယ်ကြောက် ဖြစ်နေခဲ့သည်ကိုး။ နှစ်ဖက် သံသယများ ပြေပျောက်သွားပြီဖြစ်ပြီး လူငယ်လည်း ခြံတံခါးသော့ပင် ဖွင့်နေလေပြီ။

ကားဆရာကလည်း သူ့ကားကို ဘက်ဆုတ်ပြီး လှည့်ထွက်ရန် ပြင်နေခဲ့သည်။

ကားကို ပြန်လှည့်ထွက်ခါနီး လူငယ်အားလှမ်း၍ ကားဆရာကပြောလိုက်သည်။

” ညီလေးရေ ဒီတူက ဟိုတစ်ခေါက်က ငါ့နောက်ကနေ သိုင်းဖက်ပြီး လုတဲ့တစ်ကောင်ကို ထုချလိုက်ဖူးတယ်ကွ၊ ခေါင်းကြီး ချိုင့်ဝင်သွားတယ်။ ငါလည်း ကန်ချထားခဲ့လိုက်တာ သေမသေတော့ မသိဘူးကွ” ဟု ဖြစ်သည်။

လူငယ်လည်း ခေါင်းထဲ ဆစ်ကနဲပင် နာချင်သလို ဖြစ်သွားပြီး ကားသမားကို လှည့်ပင်မကြည့်ပဲ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။

ယခုတော့ အိပ်စက်ရန်သာ ကျန်တော့ပြီ ဖြစ်လေသည်။