ရန်ကုန်၊ မြို့နယ်သုံးခုက ရွာတစ်ရွာလျှင် လူငယ် ဆယ်ဦးအထိ တိုးမြှင့် စစ်မှုထမ်းခေါ်ရန် အုပ်ချုပ်ရေးမှူးများ စာရင်းလိုက်ကောက်

Author ကိုထက်
Categories
Published on May 03, 2024

လာဘ်စားမှုများဖြင့်ပြည့်နှက်နေသော စစ်ကောင်စီ စစ်မှုထမ်းကိစ္စသည် ရန်ကုန်တိုင်းအတွင်း ကျေးရွာအများစုရှိသည့် မြို့နယ်သုံးခုတွင် တစ်ရွာလျှင် လူငယ် ဆယ်ဦးအထိ တိုးမြှင့် စစ်မှုထမ်းခေါ်ရန် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက လိုက်လံစာရင်းကောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ကွမ်းခြံကုန်း၊ ခရမ်း၊ မှော်ဘီ စသည့်မြို့နယ်များက ကျေးရွာများတွင် ယခင် တစ်ရွာလျှင် သုံးဦးခန့်သာ မဲနှိုက်ရွေးချယ်သည့်စနစ်ဖြင့် စစ်မှုထမ်းခေါ်ယူခဲ့သော်လည်း အပတ်စဉ် ၂ တွင် ဆယ်ဦးအထိခေါ်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

“ပထမတစ်ခေါက်က တစ်ရွာကို သုံးယောက်တည်းမဲနှိုက်ပြီးခေါ်တာ။ အခုက တစ်ရွာကိုဆယ်ယောက်ခေါ်မယ်။ မဲနှိုက်ရမယ်။ အသက် ၁၈ ကနေ ၃၅ အတွင်းဆိုပြီး အုပ်ချုပ်ရေးမှူးက စာရင်းတွေလိုက်ကောက်နေတာ” ဟု ကွမ်းခြံကုန်းမြို့နယ်၊ ကြခတ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

 

ထို့ပြင် မှော်ဘီမြို့နယ် မြောင်းတကာစံပြကျေးရွာတွင်လည်း ယခုစစ်ကောင်စီ၏ စစ်မှုထမ်းဒုတိယအသုတ်အတွက် ဆယ်ဦးအထိ မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

အလားတူ ခရမ်းမြို့နယ်တွင်လည်း လူစားထိုးလိုက်ပါမည်သူများအတွက်ဟုဆိုကာ ငွေကြေးကောက်ခံမှုများရှိနေကြောင်း ယင်းမြို့ခံများက ပြောသည်။

 

“ခေါ်တဲ့အထဲမပါချင်ရင် လူစားထိုးပေးမယ်။ သူတို့ကို ပိုက်ဆံလစဉ်ထောက်ပံ့ပေးဖို့ဆိုပြီး တစ်အိမ်ကို သုံးသောင်းကောက်တယ်။ မပေးရင် ခေါ်တဲ့အထဲပါရင် ဘယ်သူဖြစ်ဖြစ်လိုက်ရမယ်ဆိုပြီးပြောတယ်” ဟု ခရမ်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်တွင် စစ်ကောင်စီတပ်သားများက အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားများကို ဆေးစစ်ရန်ဟုဆိုကာ ညဉ့်နက်ပိုင်းအချိန်များတွင် လာရောက်ခေါ်ဆောင်သွားပြီး မိသားစုနှင့် အဆက်အသွယ်မရသည်များရှိနေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

 

လတ်တလော စစ်ကောင်စီပေးနေသည့် အပတ်စဉ် ၁ စစ်သားသင်တန်းကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ ခုက စစ်မှုထမ်းရမည့်သူများအနေဖြင့် အမှတ် (၁) စစ်အခြေခံသင်တန်းကျောင်း (မင်းကုန်း)နှင့် အမှတ် (၁) တန်းမြင့်သင်တန်းကျောင်းတို့တွင် တက်နေရခြင်းဖြစ်သည်။

 

ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုမထမ်းမနေရဥပဒေကို အတည်ပြုခဲ့ပြီး မတ်လ ၂၉ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ စစ်သင်တန်း ၁၅ ခုတွင် ပထမအသုတ်ကို သင်တန်းပေးနေခြင်းဖြစ်သည်။

 

စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူမှုများတွင် အပတ်စဉ် ၁ ၌ နိုင်ငံတဝန်းက စစ်ကောင်စီတပ်သားနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ပြည်သူများကို ခြောက်လှန့် လာဘ်စားမှုများပြုလုပ်ခဲ့ကြပြီး ယခုအပတ်စဉ် ၂ တွင်လည်း ထိုသို့ လုပ်ဆောင်နေကြသည်။

 

ထို့ကြောင့် အပတ်စဉ် ၁ အတွင်း စစ်မှုထမ်းရန် အတင်းအဓမ္မဖိအားပေးလုပ်ဆောင်သည့် စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက သတိပေးမှုများပြုလုပ်ခဲ့ပြီးနောက် ပစ်ခတ်သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်