ရန်ကုန်၊ ပဲခူးရှိ ဒေသအချို့တွင် ထစ်ချုပ်မိုးရွာခြင်းနှင့် လေပြင်းအန္တရာယ်သတိပြုရန်လို

Published on Mar 18, 2024

ယခုအပတ်အတွင်း ရာသီအကူးအပြောင်းကာလ ပီပြင်လာပြီဖြစ်သောကြောင့် မြောက်ပိုင်းနှင့် တောင်ပိုင်းစွန်းဒေသများတွင် မွန်းလွဲနှင့် ညနေပိုင်းအချိန်တို့၌ မိုးတိမ်တောင်ငယ်များ စတင်ဖြစ်ပွားပြီး အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ခြေရှိကြောင်း NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ရန်ကုန်နှင့် ပဲခူးတိုင်းတောင်ပိုင်းဒေသအချို့တွင် မတ် ၂၀ ရက်မှ ၂၂ ရက်များအတွင်း လေပြင်းတိုက်ခိုက်ပြီး ထစ်ချုန်းမိုးရွာနိုင်သောအခြေအနေများဖြစ်ပေါ်နိုင်ကြောင်း၊ ၂၀ ရက်တွင် အရှေ့တောင်ဘက်မှ လေပြင်းတိုက်ခတ်မှု တစ်နာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့်အထိရှိနိုင်ပြီး မိုးနည်းနိုင်ကြောင်း၊  ၂၁ ရက်မှ ၂၂ ရက်များတွင်  မွန်းလွဲနှင့် ညနေပိုင်းများ၌ လေမပြင်းထန်သော်လည်း မိုးရေချိန် ၂၀ မီလီမီတာခန့်အထိ ရွာနိုင်ကြောင်း  မိုးလေဝသကြိုတင်ခန့်မှန်းချက်ကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က လှုမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောဆိုထားသည်။

 

ရန်ကုန်တိုင်းတွင်း တိုက်ကြီး၊ မှော်ဘီ၊ ရန်ကုန်မြို့၊ ခရမ်း၊ သုံးခွ၊ ဒါးပိန်မြို့နယ်နှင့် ပဲခူးတိုင်းတောင်ပိုင်းတွင် ပဲခူးမြို့၊ ဝေါ၊ ကဝစသော မြို့နယ်များတွင် ၂၀ ရက်မှစ၍ စိုက်ဆင်းလေပြင်းအန္တရာယ်ကို သတိထားစေလိုကြောင်း ဆိုထားသည်။

 

ယခုအပတ်သည် အသွင်ကူးပြောင်းကာလ ပီပြင်လာပြီဖြစ်သောကြောင့် တစ်ပြည်လုံးတွင် နေ့အပူချိန်များ စတင်မြင့်တက်လာမှုကို ခံစားရလာနိုင်သော်လည်း မတ် ၂၁ ရက်မှ ၂၃ ရက်များတွင် အီကွေတာနှင့်အနီးတဝိုက်မှ ရေငွေ့ပါသောလေများ မြန်မာနိုင်ငံပေါ်သို့ တိုးဝင်တိုက်ခတ်လာနိုင်သဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းပြီး နေ့အပူချိန်များပြန်ကျလာနိုင်ကြောင်း NUG ၀န်ကြီးဌာနက ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသအနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင်လည်း အချိန်ခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ဆောင်းလက်ကျန်အဖြစ် နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။