ရန်ကုန်မြို့လယ် ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူများအနက် သုံးဦး အသက်အန္တရာယ်စိုးရိမ်နေရ

Author ကိုထားဝယ်၊ကိုထက်
Categories
Published on Mar 28, 2024

ရန်ကုန်မြို့လယ်တွင်ဖြစ်ပွားခဲ့သော ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် ငါးဦးအနက် ကလေးနှစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦးတို့ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ပေးခဲ့သော ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

မတ်လ(၂၇)ရက် ည ၇ နာရီခွဲခန့်က ရန်ကုန်မြို့လယ် ဆူးလေကုန်းတံတားနှင့် Sule Square တို့အနီး ပါဆယ်ဗုံးကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

“ကလေးတွေက အမှိုက်ပုံးကို တစ်ခုခုရှာရင်း ပါဆယ်လိုလိုဟာကို ဖွင့်မိရာက ပေါက်ခဲ့တာလို့သိရတယ်။ ဘေးနားကဖြတ်သွားတဲ့ အသက် ၂၀ ဝန်းကျင်လူငယ်ပိုင်းအမျိုးသားတစ်ဦးပါထိသွားတာဗျ။ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

လက်ရှိအချိန်တွင် အဆိုပါဒဏ်ရာရသူများသည် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေရကြောင်း ၎င်းက ဆိုသည်။

 

“၇ နာရီခွဲလောက်က ပေါက်တာ။ ကိုယ်တွေက ၇ နာရီ ၂၀ လောက် အဲဒီအောက်ကဖြတ်သွားသေးတယ်။ ပြီးတော့ဖုန်းဝင်လာတာ။ ပေါက်တယ်ပေါ့။ ဆိုင်နားမှာ။ ကလေးတွေ ထိသွားတယ်။ အဲဒီလို သိရတာပေါ့” ဟု ရန်ကုန်မြို့ ၃၃ လမ်းထဲ ဈေးဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

 

ယင်းပေါက်ကွဲသံကို ရန်ကုန်မြို့တွင်း မြို့နယ်အများအပြားက ကြားလိုက်ရကြောင်း ဆိုကြသည်။

 

အဆိုပါပေါက်ကွဲမှုသည် ကျောက်တံတားမြို့နယ်ရဲစခန်းအနီးတွင်ဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက လမ်းပိတ်၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြသည်။

 

လက်ရှိအချိန်ထိ ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများဘက်က တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပေ။ သို့သော် စစ်ကောင်စီ လော်ဘီချန်နယ်များတွင် ယင်းပေါက်ကွဲမှုဖြစ်စဉ်ကို တော်လှန်ရေးအင်အားစုများဘက်က ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြနေကြသည်။

 

သို့သော် ရန်ကုန်လူထုမှာမူ လူစည်ကားချိန် လမ်းသွားလမ်းလာမပြတ်သည့်နေရာတွင် အမှိုက်ပုံးကဲ့သို့နေရာမျိုးတွင် ဗုံးထောင်ခြင်းမှာ တော်လှန်ရေးအင်အားစုများဘက်ကမဖြစ်နိုင်ဘဲ စစ်ကောင်စီဘက်ကသာပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

 

အလားတူဖြစ်စဉ်ကဲ့သို့ ပြီးခဲ့သည့်နှစ် မေလ ၃၁ ရက် နေ့လယ် ၃ နာရီကျော်က ရန်ကုန်မြို့၊ ဘားလမ်းကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ဆယ်ဦးအနက် တစ်ဦး သေဆုံးခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ NUG က ရှုတ်ချကြောင်းကြေညာသကဲ့သို့ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့နှင့် Civil Guerrilla Force-Yangon တို့က ၎င်းတို့ မလုပ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။