ရန်ကုန်မြို့တွင် လမ်းဘေးညအိပ်ရပ်နားထားသည့် မော်တော်ယာဉ်များအား တစစီဖြုတ်ခိုးသည်အထိ သူခိုးများ သောင်းကျန်းနေ
ရန်ကုန်မြို့တွင် လမ်းဘေးညအိပ်ရပ်နားထားသည့် မော်တော်ယာဉ်များအား ပြည်သူများ ညမထွက်ရအချိန်တွင် တစစီဖြုတ်ခိုးသည်အထိ သူခိုးများ သောင်းကျန်းနေကြောင်း မော်တော်ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
ကန်ထရိုက်တိုက်ခန်း အများဆုံး တည်ရှိသည့် ရန်ကုန်မြို့တွင် မော်တော်ယာဉ်ပိုင်ရှင်များသည် လမ်းနံဘေး ယာဉ်ရပ်နားရသည့် နေရာများတွင်သာ ညအိပ်ရပ်နားထားလေ့ရှိပြီး မော်တော်ယာဉ်အစိတ်အပိုင်းများအား ခိုးယူသူများသည် ယခင်အချိန်များ နောက်ကြည့်မှန်များကိုသာ ဖြုတ်ခိုးလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင်း ကားတစ်စီးလုံးအား တစစီဖြုတ်ခိုးသည်အထိ လုပ်ဆောင်လာကြခြင်း ဖြစ်သည်။
“ညက (ဇူလိုင် ၁၂ရက်) တော်ဝင်ပလာဇာနား လမင်းသာယာကွန်ဒိုရှေ့မှာ ရပ်ထားတဲ့ bB တစ်စီးက ကားဘီးတွေအကုန်လုံးရော ကားမှန်ကိုခွဲပြီးတော့ ကားတွင်းမှာရှိတဲ့ ပစ္စည်းအချို့ရော အခိုးခံလိုက်ရတယ်လို့ ကားပိုင်ရှင်က ရေးထားတာတွေ့တယ်၊ အတော်ကို အခြေအနေဆိုးနေတာ ကားအကောင်းစားတွေဆို ညဖက် ဘယ်နားထားရမှန်းတောင် မသိတော့ဘူး အရင်က ဘက်မှန်ပဲဖြုတ်ခိုးတာကနေ အခု တစ်စီးလုံးကို ဖြုတ်ခိုးနေကြတာ”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းအတွင်း နေထိုင်သူ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
မော်တော်ယာဉ်အစိတ်အပိုင်းများ ခိုးယူခံရမှုအား ယာဉ်ပိုင်ရှင်များမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံ အကြောင်းရာတွင်လည်း စုံစမ်းအရေးယူပေးမှုများ မရှိကြောင်း သိရသည်။
“ကားပစ္စည်းတွေ ဖြုတ်အခိုးခံရင် သူခိုးစျေးမှာသာ သွားပြန်ရှာ၊ ရဲတိုင်နေရင် အလုပ်ရှုပ်တယ် ၊ ကံကောင်းရင် ကိုယ်အခိုးခံရတဲ့ ပစ္စည်းတောင် အဲ့မှာ ပြန်ဝယ်လာရဦးမယ်၊ အခိုးခံရချိန်တွေက ညမထွက်ရအချိန်တွေချည်းပဲဆိုတော့ သူခိုးက ရဲမှရဲပဲ ပြောရမယ်”ဟု အလုံမြို့ ငုဝါလမ်းနေ မော်တော်ယာဉ်နောက်ကြည့်မှန် ဖြုတ်ခိုးခံရသူ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။