ရန်ကုန်တွင် CNG ခက်ခဲနေပြန်၍ YBS ပြေးဆွဲချိန် လျှော့ရ

Author မင်းထက်
Categories
Published on Dec 25, 2023

စက်သုံးဆီများပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသော ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်ဘတ်စ်စနစ်(YBS)ဖြင့် ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများတွင် CNG ဂတ်စ် ရရှိရန် ခက်ခဲနေခြင်းကြောင့် ပြေးဆွဲချိန်များ လျှော့ချပြေးဆွဲနေရကြောင်း YBS ယာဉ်မောင်းများထံမှ သိရသည်။

 

ယခင်က ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ည ၁၂ နာရီ၊ ၁ နာရီအထိပြေးဆွဲကြရသော်လည်း ယခုအခါ ည ၉ နာရီ၊ ၁၀ နာရီအထိသာ ပြေးဆွဲနိုင်တော့သည်ဟု ၎င်းတို့က ဆိုသည်။

 

“အရင်က တစ်ရက်ကို အသွားအပြန် ၃ ဝိုင်းလောက်ရတာ။ အခုက ဂတ်စ်တန်းတာ မနက်လောက်က တန်းစီရင် ညနေလောက်မှရတယ်။ အဲဒီတော့ ညနေဘက် ကားပိတ်တာနဲ့ ဘာနဲ့ဆို တစ်ဝိုင်းလောက်ပဲရတယ်။ အုံနာကြေးတောင် မနည်းရှာနေရတယ်။ ဂတ်စ်ရတာစောတဲ့နေ့ကျရင် နှစ်ဝိုင်းလောက်ရတယ်ပေါ့။ ဆိုးတာက ညဘက်တွေက ဖမ်းတာ၊ ဆီးတာတွေရှိတော့ ၈ နာရီ၊ ၉ နာရီလောက်ဆို မှတ်တိုင်တွေမှာ လူမရှိတော့ဘူး” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။

 

ထို့ပြင် CNG ဂတ်စ်ဖြင့် မောင်းနှင်ပြေးဆွဲနေရသော မြို့တွင်းခရီးသည်တင်ယာဉ်များသည် CNG ဂတ်စ်ဆိုင်များတွင် လျှပ်စစ်မီးပြတ်တောက်မှုများ အချိန်ကြာမြင့်စွာဖြစ်နေသည့်အတွက် ပြေးဆွဲနိုင်သည့် YBS ယာဉ်အရေအတွက်လည်း လျော့ကျသွားသည်ဟု ယာဉ်လိုင်းများထံမှ သိရသည်။

 

“ညနေဘက်ရုံးပြန်ချိန်ဆို ကားက တော်တော်စောင့်ရတယ်။ လာတဲ့ကားတွေကျ လူအပြည့်ပဲ။ ကားအစီးအရေက ထွက်တာနည်းတော့ ကျွန်တော်တို့ခရီးသွားပြည်သူတွေအတွက် အဆင်‌မပြေဘူးပေါ့။ နောက်ပြီး ညဘက် ၈ နာရီ၊ ၉ နာရီလောက်ဆိုလည်း ကားတွေက သိပ်မလာတော့ဘူး” ဟု နေ့စဉ် YBS စီးသူခရီးသည်တစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ(YRTC)၏ ထုတ်ပြန်ချက်အရ ရန်ကုန်တွင်နေ့စဉ် YBS ယာဉ်လိုင်း ၁၃၂ လိုင်းမှ ယာဉ်အစီးရေ ၃၇၈၀ ဖြင့် ခရီးသည် ၁,၅၅၀,၀၀၀ နီးပါးသယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

 

ရန်ကုန်တွင် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်၍ စက်သုံးဆီပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီး ဆီဆိုင်များရှေ့ ကားများ အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းခဲ့ရမှုများဖြစ်ပေါ်ခဲ့ရပြီးနောက် ယခုအခါ ဂတ်စ်ပြဿနာကို ထပ်မံရင်ဆိုင်လာရခြင်းဖြစ်သည်။