ရန်ကုန်တွင် ဆေးဝါးဆေးဈေးနှုန်းများမြင့်တက်ပြီး အချို့ပြတ်လပ်နေ

Author ကိုထက်
Categories
Published on Dec 23, 2023

စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ဆေးဝါးဈေးနှုန်းများ ယခင်ကထက် နှစ်ဆမြင့်တက်နေပြီး နာတာရှည်ရောဂါသောက်ဆေးအချို့ ပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်ရှိ ဆေးဆိုင်များထံမှ သိရသည်။

 

ပြည်တွင်းတွင် ဒေါ်လာဈေးမြင့်တက်၍ တင်းသွင်းရမှု အကန့်အသတ်များကြောင့် ဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟု ဆေးဝါးရောင်းချသူများက ဆိုသည်။

 

“ဒေါ်လာဈေးတက်တာရယ်၊ သွင်းရတဲ့ပမာဏကလည်း ဒေါ်လာအကန့်အသတ်နဲ့ဆို လိုသလောက်မရတော့ ဈေးတက်တဲ့သဘောပါ။ ခါတိုင်းထက် နှစ်ဆလောက်ဖြစ်သွားတယ်” ဟု ရန်ကုန်က ဆေးဝါးရောင်းချသူတစ်ဦးက ပြောသည်။

 

လက်ရှိတွင် အခြေခံပြည်သူလူထု ဝယ်ယူအသုံးပြုနေရသည့် ရိုးရိုးဖျားနာ ပျောက်ဆေးများပင် ဆေးနှစ်ဆတက်နေသည်ဟု သောက်သုံးသူများက ဆိုသည်။

 

“ဒီကိုလ်ဂျင်တစ်ကတ် ၃၀ဝ၀ ဖြစ်သွားတယ်။ Air X တစ်ကတ်ဆို ၂၉၀ဝ လောက်ကိုဖြစ်သွားတယ်။ အရင်ကထက် နှစ်ဆဖြစ်သွားတယ်။ ဆေးသွားစပ်ရင်တောင် တစ်ခွက်ကို အရင်က ၃၀ဝ၊ အခုဆို ၈၀ဝ တစ်ထောင်လောက်ဖြစ်သွားတယ်” ဟု ရန်ကုန်ရှိ အိမ်ရှင်မတစ်ဦးက ပြောသည်။

 

လက်ရှိ လူအများအသုံးပြုကြသည့် အအေးမိဖျားနာပျောက်ဆေး ဒီကိုလ်ဂျင်တစ်ကလျှင် ၃၀ဝ၀ ကျပ်၊ ခေါင်းကိုက်နှင့် ဖျားနာပျောက်ဆေး ဘိုင်အိုဂျက်စစ် တစ်ကတ်လျှင် ၁၀၀၀ ကျပ်၊ လည်ချောင်းနာ၊ ချောင်းဆေးပျောက်ဆေး Stepsils ငုံဆေးပြားတစ်ဘူးလျှင် ၈၀ဝ၀ ကျပ်၊ ကလေးအားဆေး Ceelin တစ်ဘူးလျှင်  ၅၀ဝ၀ ကျပ်အထိ ရှိနေသည်ဟု ဆေးဆိုင်များထံမှ သိရသည်။

 

ထို့ပြင် Benda 500 သန်ချဆေးတစ်လုံးလျှင် ၂,၁၀ဝ ကျပ်၊ Sura Suspension ကလေးဖျားနာပျောက်ဆေးအရည် ၁၂၀ မီလီဂရမ် တစ်ဘူးလျှင် ၄,ဝ၀ဝ ကျပ်၊ ၂၅၀ မီလီဂရမ် တစ်ဘူးလျှင် ၅,ဝ၀ဝ ကျပ်အထိ ရှိနေကြောင်း သိရသည်။