ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဗုံးပေါက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ

Author အောင်နိူင်သူ
Categories
Published on Sep 12, 2022

ရန်ကုန်တိုင်း ရွှေပြည်သာ ၊မြောက်ဥက္ကလာနှင့် သုံးခွမြို့နယ်တို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သည်ဟု ပေါက်ကွဲမှု့ဖြစ်ရာ မြို့နယ်ဒေသခံတွေဆီက သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ မြို့နယ်ခန်းမတွင် ယမန်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှု့အချို့ဖြစ်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မြို့နယ်ခန်းမမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဗုံးနဲ့ပစ်တာ ထိတဲ့သူတွေရှိတယ်လို့ကြားတယ် နောက်တော့အပြန်အလှန်ပစ်ခတ်မှုအချို့လည်းရှိတယ်”ဟု ရှင်းပြသည်။

သုံးခွမြို့နယ် သန်လျင်-သုံးခွလမ်းရှိ မြို့ဝင်ဂိတ်အနီးမှာလည်း ယမန်နေ့ နေ့လည် နှစ်နာရီက ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဗုံးပေါက်တာက နာရီပိုင်းပဲကြားတယ် ထိမထိတော့ မသိဘူး စစ်တပ်က အင်အားအလုံးအရင်းနဲ့ရောက်လာတာ”ဟုပြောသည်။

အလားတူပင် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာလည်း ယမန်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဆိုပါမြို့နယ်တွေမှာ ယမန်နေ့ ၁၂နာရီနောက်ပိုင်းမှာ စစ်ကောင်စီနှင့်ရဲတွေက ဧည့်စာရင်းစစ်ဆေးမှုတွေလည်းပြုလုပ်ခဲ့သည်ဟု ပေါက်ကွဲမှု့ဖြစ်ရာ မြို့နယ်တွေဆီက သိရသည်။

ယခုလအတွင်း ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပစ်ခတ်မှု့နှင့်ဗုံးပေါက်ကွဲမှုများကြောင့် ရာအိမ်မှူးတစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒ ဏ်ရာ ရရှိခဲ့ပါသည်။
ဓာတ်ပုံ- GETTY IMAGES
ပုံစာညွှန်း- ပုံအဟောင်းကို အသုံးပြုထားပါသည်။