ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီမှ လူဦးရေစာရင်းများ စတင်ကောက်ယူနေ

Author ကိုထက်
Categories
Published on Feb 13, 2024

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ ရပ်ကွက်အတွင်းရှိ နေအိမ်များအရောက် တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် လူဦးရေစာရင်းများ စတင်ကောက်ယူနေကြောင်း အဆိုပါမြို့နယ်များနေ ပြည်သူများက ပြောသည်။

 

လှိုင်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ သဃ်န်းကျွန်းစသည့်မြို့နယ်များတွင် ဖေဖော်ဝါရီလ ၁၂ရက်ကတည်းကစတင်ပြီး နေအိမ်များကိုလာရောက်ပြီး စာရင်းကောက်နေသည်။

 

“မနေ့က သမိုင်းထဲမှာ လိုက်ကောက်နေတယ်။ အသက်အရွယ်အလိုက်တွေ၊ ပြောတာတော့ မဲစာရင်းအတွက် သန်းခေါင်စာရင်းကောက်တာလို့ ပြောပေမဲ့ ဟိုဥပဒေ(စစ်မှုထမ်း)ထွက်လာပြီးမှ လိုက်ကောက်တော့ ဘာဖြစ်မလဲ အရမ်းစိုးရိမ်တယ်။”ဟု မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက ပြောသည်။

 

အလားတူ လှိုင်မြို့နယ် ၈ရပ်ကွက်အတွင်းတွင် ယနေ့မနက်ပိုင်းမှ စတင်ပြီး၊ ရာအိမ်မှူများပါ လိုက်ပါပြီး တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေကြောင်း သိရသည်။

 

“ဒီမနက်ပဲ သုခမြိုင်လမ်းထဲကနေ စကောက်‌နေတာ။ရာအိမ်မှူးတွေ၊ ရဲရော၊ စစ်သားရောပါတယ်။ သန်းခေါင်စာရင်းလို့ ပြောတာပဲ။ ရဲရော၊ စစ်သားရောပါလာတာက ထူးဆန်းတယ်။ အရင်စာရင်းတွေကောက်ရင် အုပ်ချုပ်ရေးကသူတွေပဲ လာတာ။”ဟု လှိုင်မြို့နယ်နေသူတစ်ဦးက ပြောသည်။

 

ထို့ပြင် အခြားမြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ သဃ်န်းကျွန်း၊ တာ‌မွေ၊ စမ်းချောင်းမြို့နယ်များတွင်လည်း စာရင်းကောက်ယူမှုများ၊ ညပိုင်းတွင် ဧည့်စာရင်းစစ်ပြီး၊ လူငယ်အချို့ကို ဖမ်းဆီးသွားမှုများလည်းရှိနေသည်။

 

စစ်ကောင်စီက ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေ‌ကြောင့် ဖမ်းဆီးငွေညှစ်မှုများ ပိုဆိုးလာမည်ကို ပြည်သူများ စိုးရိမ်နေကြသည်။

 

ရန်ကုန်မြို့က မြို့နယ်အချို့တွင် လူငယ်အချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

ဓာတ်ပုံ – pro-SCA

 

ပုံစာညွှန်း – ရန်ကုန်မြို့တွင်း စစ်ကောင်စီမှ လူဦးရေစာရင်း လိုက်လံကောက်ယူနေပုံ