ရန်ကုန်က မြို့နယ်အချို့တွင် လူငယ်များကို ပြည်သူ့စစ် စစ်သင်တန်းပေးရန် စစ်ကောင်စီ လုပ်ဆောင်နေ

Author ကိုထက်
Categories
Published on Oct 04, 2023

ရန်ကုန်တိုင်းက မြို့နယ်အချို့တွင် လူငယ်အမျိုးသားများကို ပြည်သူ့စစ် စစ်သင်တန်းပေးရန် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ‌ယင်းမြို့နယ်ဒေသခံများထံမှ သိရသည်။

ရပ်ကွက်များ၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို စာရင်းကောက်ယူခိုင်းနေပြီး၊ နီးစပ်ရာ တပ်ထဲတွင် သင်တန်းပေးပြီး ဖွဲ့စည်းမည်ဟုလည်း ၎င်းတို့က ဆိုသည်။

“တစ်ရပ်ကွက်ကို ၃ ယောက်လာတက်ခိုင်းတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးထဲကပေါ့။ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စာရင်းလိုက်ကောက်တာတွေရှိတယ်။ သူတို့က ရပ်ကွက်ထဲ၊ ရွာထဲက အလုပ်မရှိတဲ့လူငယ်လေးတွေကို ခေါ်ချင်ပုံရတယ်။ အခုက ဘယ်လိုနေနေကို မလုံခြုံတော့ပါဘူး။ ဟိုဘက်ကြောက်ရ၊ ဒီဘက်ကြောက်ရနဲ့” ဟု တွံတေးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ကျေးရွာများရှိသော တွံတေး၊ ကော့မှူး၊ လှည်းကူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များတွင် စစ်ကောင်စီက ပြည်သူ့စစ်များဖွဲ့စည်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

“လူငယ်နဲ့ လူလတ်ပိုင်းတွေကို သူတို့လုပ်ခိုင်းမယ့်သဘော၊ မဲနှိုက်ရတယ်။ မလုပ်ချင်တဲ့သူကတော့ ပိုက်ဆံ ၃ သိန်း၊ ၄ သိန်းလောက်ပေးရတယ်။ ပျူစောထီးအဖွဲ့တွေက လာပြီးရွေးတာ။ အဲဒါသင်တန်းလိုက်မတက်ချင်ဘူးဆို ပိုက်ဆံပေးပဲ” ဟု ကွမ်းခြံကုန်းမြို့နယ်နေသူတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံစသည့်မြို့နယ်များတွင် စစ်ကောင်စီက ပျူစောထီးအဖွဲ့များ ဖွဲ့စည်းကာ ပြည်သူများကို ခြိမ်းခြောက်အကျပ်ကိုင်နေကြသည်။

ထို့ပြင် ရန်ကုန်က ဆင်ခြေဖုံးမြို့နယ်များဖြစ်သော ရွှေပြည်သာ၊ လှိုင်သာယာနှင့် ဒဂုံ လေးမြို့နယ်တို့တွင် စစ်တပ်က ပေါ်တာဆွဲခြင်းများပြုလုပ်လျက်ရှိသည််ဟု ကောလာဟလများပျံ့နှံ့နေကြောင်း ဒေသခံများထံမှ သိရသည်။