ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်မှ လုပ်ဆောင်သည့် စစ်ရာဇဝတ်မှုများကို ကျောင်းသားသမဂ္ဂရှုတ်ချ
ခေတ်နီ
ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားနေသည့် တကျော့ပြန် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက ယမန်နေ့ မှာ ထုတ်ပြန်ထားသည်။
ရခိုင်ပြည်အတွင်းက စစ်ပွဲများမှာ စစ်ကောင်စီတပ်က ရပ်ရွာများအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးအရပ်သားများကို ဓားစာခံသဖွယ်ပြုလုပ်ခဲ့သည့်အတွက် ထိခိုက်ဒါဏ်ရာများရရှိခြင်းနှင့် သေဆုံးမှု များဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပလက်ဝမြို့နယ်နှင့် ရသေ့တောင်၊ မောင်တော၊ မြောက်ဦးမြို့နယ်များကို စစ်ကောင်စီမှ စားနပ်ရိက္ခာဖြတ်တောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကို ဆောင်ရွက် လျက်ရှိနေပြီး အဆိုပါလုပ်ရပ်များကို သိရှိပါလျက် မသိကျိုးကျွံပြုကာ နှုတ်ဆိတ်နေသော ရခိုင်ပြည်ဖွား စစ်ကောင်စီ အဖွဲ့ဝင်များနှင့် စစ်ကောင်စီဝန်ကြီးများအားလည်း ရခိုင်ပြည်၏ သမိုင်းတရားခံများ အဖြစ် မှတ်ယူကာ ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မတရားသတ်ဖြတ်ခြင်းခံရသော ရခိုင်ပြည်သူများအပါအဝင် လူသတ်စစ်ကောင်စီ၏ မတရားသတ်ဖြတ် အနိုင်ကျင့်မှုခံခဲ့ရသော လူထုအားလုံးအတွက် လူသတ်စစ်ကောင်စီအား အမြန်ဆုံးအပြစ်ပေးအရေးယူပြီး တရားမျှတမှု ရှာဖွေပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများကို ထပ်မံတောင်းဆိုကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
မတရားအသက်ပေးခဲ့ကြရသော ရက္ခိုင်ပြည်သူများအတွက် မိသားစုနှင့်ထပ်တူညီစွာ ဝမ်းနည်းရပါကြောင်းနှင့် စစ်ကောင်စီနှင့် အပေါင်းအပါများအား ပြည်သူတို့၏ ကျိန်စာများ အမြန်ဆုံးကျရောက်ပါစေကြောင်းကိုလဲ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သဘောထားထုတ်ပြန်ထားပါသေးသည်။