ရခိုင်တောင်ပိုင်းမြို့များတွင် လုပ်ငန်းရှင်များနှင့် စစ်ကောင်စီအရာရှိများ ပူးပေါင်းဈေးကစား၍ စားသောက်ကုန်ဈေး သုံးဆခန့်မြင့်တက်

Author လင်းနွေဦး
Categories
Published on Mar 16, 2024

ရခိုင်ပြည် တောင်ပိုင်းမြို့များတွင် ကုန်သည်များနှင့် စစ်ကောင်စီ အကြီးပိုင်းအရာရှိများ ပူးပေါင်းဈေးကစားမှုကြောင့် စားသောက်ကုန်ဈေးနှုန်းများ သုံးဆခန့်မြင့်တက်နေကြောင်း ယင်းမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

 

ရခိုင်တောင်ပိုင်းမြို့နယ်များဖြစ်သည့် တောင်ကုတ်၊ မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွမြို့များသို့ ကုန်စည်များအဓိကကူးသန်းသည့် တောင်ကုတ်-ပြည်လမ်းမကြီးအပါအဝင် အခြားလမ်းကြောင်းများကို တာဝန်ယူ လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး(ပြည်မြို့)နှင့် ရခိုင်တောင်ပိုင်းရှိ အကြီးပိုင်းအရာရှိကြီးများနှင့် ပူးပေါင်းဈေးကစားနေကြခြင်းဖြစ်သည်ဟု CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

“တောင်ကုတ်အပါအဝင် တောင်ပိုင်းမြို့တွေမှာလည်း ခရိုနီအသေးစားလို့ပြောရမယ့် လုပ်ငန်းရှင်တွေရှိတယ်။ သူတို့တွေက ဒီက ဒ.က.စပိုင်းစစ်တပ်အရာရှိတွေ၊ ပြည် ဒ.က.စ မှူးတွေနဲ့ပေါင်းပြီး ကုန်သွယ်ရေးတွေကို ကစားတယ်။ ရခိုင်နေရာအနှံ့မှာ စစ်ဖြစ်နေတော့ တခြားလမ်းကြောင်းတွေလည်း မရှိဘူးလေ။ အကုန်ဈေးတွေကြီးရော” ဟု အသက် ၅၀ အရွယ် မအီဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

ယခင် ကြက်ဥတစ်လုံးလျှင် ကျပ် ၂၀ဝ မှ ယခုအခါ တစ်လုံး ၅၀ဝ ကျပ်သို့လည်းကောင်း၊ စားသုံးဆီ ၁၀ ပိဿာ တစ်ပုံးလျှင် ၈၀,၀၀၀ မှ ၁၆၀,ဝ၀ဝ ကျပ်သို့လည်းကောင်း၊ သကြားတစ်ပိဿာလျှင် ၄၀၀၀ မှ ၁၃,ဝ၀ဝ ကျပ်သို့လည်းကောင်း၊ နို့ဆီတစ်ဘူးလျှင် ၂၇၀ဝ မှ ၇၆၀ဝ ကျပ်သို့လည်းကောင်း၊ လက်ဖက်အစို တစ်ပိဿာလျှင် ၁၀,၀၀၀ မှ ၂၀,၀၀၀ ကျပ်သို့လည်းကောင်း၊ နှစ်ပြန်ကြော်(မြေပဲ၊ ပဲခြမ်း၊ နှမ်းတို့အပါ) အထုပ်ကြီးတစ်ထုပ်လျှင် ၁၀,၀၀၀ မှ ၃၀,၀၀၀ ကျပ်ဝန်းကျင်သို့လည်းကောင်း အသီးသီး ဈေးနှုန်းများမြင့်တက်နေပြီး ဝယ်ယူရန်ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

 

“ကြက်သားဆို အနံ့တောင် မခံရတော့တဲ့အခြေအနေလေ။ CP ကြက်တစ်ပိဿာကို အရင် ရှစ်ထောင်နဲ့ တစ်သောင်းကြားကနေ ခုဆို နှစ်သောင်းခွဲဖြစ်နေပြီ” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောသည်။

 

ရခိုင်တောင်ပိုင်းမြို့နယ်များအတွင်း တောင်ကုတ်၊ မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့များ၌ စားသောက်ကုန်ဈေးများမှာ ပိုကြီးမြင့်သော်လည်း သံတွဲနှင့် ဂွမြို့များတွင်မှု ပုံမှန်ထက်အနည်းငယ်သာ ဈေးနှုန်းမြင့်တက်ကြောင်း ဒေသခံများထံမှ သိရသည်။

 

လက်ရှိတွင် ရခိုင်ပြည်မြောက်ပိုင်း၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်နေပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ရမ်းဗြဲမြို့တို့ကို ရက္ခိုင့်တပ်တော် AA က ထိန်းချုပ်ထားသည်။

 

ထို့ကြောင့် စစ်ကောင်စီမှ တခြားသောရခိုင်ပြည်တွင်းရှိ မြို့နယ်များတွင် ကုန်စည်စီးဆင်းသည့်လမ်းများကို ဖြတ်တောက်ပိတ်ဆို့မှုများ ပြုလုပ်နေခြင်းကြောင့် စားသောက်ကုန်များ ဈေးတက်သည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။