ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်

Published on Dec 04, 2022

ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် နောက် ၂၄နာရီအတွင်း လေဖိအားနည်းရပ်၀န်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ပိုမိုအားကောင်းလာပြီးနောက် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဒီဇင်ဘာ ၇ ရက်နေ့၌ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

“ထိုင်းပင်လယ်ကွေ့မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းဟာ မလေးရှားနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီးနောက်၊ ကပ္ပလီပင်လယ်တောင်ပိုင်းကို ၀င်ရောက်လာပြီး စောင့်ကြည့်ရမဲ့ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်လာပါတယ်” မိုးလေ၀သ စောင့်ကြည့်လေ့လာသူ ဦး၀င်းနိုင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ လေဖိအားနည်းဆဲလ်သည် လေဖိအားနည်းရပ်၀န်းအဖြစ်ရောက်ရှိပြီး၊ မုန်တိုင်းဖြစ်လာပါကလည်း ဆက်လက်ရွေ့လျားမည့် လမ်းကြောင်းသည် တောင်ဘက်သို့ ရောက်ရှိသွားမည်ဖြစ်သောကြောင့် တနင်္သာရီတိုင်းမှ အပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ မုန်တိုင်းအရှိန်သက်ရောက်မှုနည်းနိုင်ကြောင်း ဦး၀င်းနိုင်က ဆက်လက်ပြောကြားသည်။

“တနင်္သာရီတောင်ပိုင်း၊ မြိတ်မြို့တောင်ဘက်၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ်တွေမှာသာ သက်ရောက်မှုအများဆုံးဖြစ်နိုင်တယ်။ ကော့သောင်းမြို့အနီးတဝိုက်မှာတော့ ဒီဇင်ဘာ ၉ ရက်နေ့အထိ မိုးသက်လေပြင်းကျရောက်ပြီး မိုးသည်းထန်နေမယ်။ မိုးသက်လေပြင်းကျရင် တစ်နာရီကို ၁၅ မိုင်ကနေ ၂၅ မိုင်လောက်ထိရှိနိုင်တယ်” ဟု ဦး၀င်းနိုင်က ပြောသည်။

မုန်တိုင်းဖြစ်လာပါက တနင်္သာရီတိုင်းအပြင် နောက်ထက် မုန်တိုင်းသက်ရောက်နိုင်သည့် နေရသည် ကိုကိုးကျွန်းဖြစ်ပြီး လေတိုက်နှုန်းသည် တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်အထိရှိနိုင်ကာ ဒီဇင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ မိုးရွာသွန်းနိုင်ကြောင်းသိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာခဲ့ပြီဖြစ်သော်လည်း၊ လာနီညာ သက်ရောက်မှုကြောင့် လေပွေလှိုင်းများ၊ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်၀န်းများ၊ မုန်တိုင်းများကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်ပေါ်လျက်ရှိသည်။

Related News

Depend on news