“ယောင်တစ်လုံး မောင်ဘုဏ်း”

Published on Dec 25, 2022

သူ့ကိုယ်သူအမည်ပေးထားတာ ယောင်တစ်လုံး မောင်ဘုဏ်း။ ရဲဘော်များနှင့် ပြည်သူတွေက ခေါ်သည်က ဆရာဘုဏ်း။

မောင်ဘုဏ်း သူ့ကိုသူသိသည်။ သူသည် ပါလေရာငပိချက်၊နေရာတကာ ဆရာလုပ်ချင်သည်။ တကယ် ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တာ ဘာရှိလဲမေး ။နိုးပါ ၊ဆောရီးပါ၊ တစ်ခုမှ မကျွမ်းကျင် ၊ထဲထဲဝင်ဝင်မသိ၊ သို့သော် မသိတာမရှိ ဟိုနည်းနည်းဒီစပ်စပ် အကုန်သိသည်၊ အကုန်ပါသည်။ ထို့ကြောင့် သူ့ကိုယ်သူ အမည်ပေးထားသည်။ ယောင်တစ်လုံးမောင်ဘုဏ်း။

 

မောင်ဘုဏ်းတို့ အဖွဲ့လေးသည် မည်သည့်အမည်မျှမရှိသေး။ EAOအဖွဲ့တစ်ခု၏ အကူအညီဖြင့် ပြောက်ကျား လှုပ်ရှားနေရသော စိတ်တူကိုယ်တူ ရဲဘော်များ စုစည်းထားသည့် တပ်ဖွဲ့လေးမျှသာ။

 

၂၀၂၁ ဇူလိုင်လ ၁၂ရက်နေ့ ညနေခင်း၊ ဘော်လခဲဘက်မှ စစ်​ေ-ခွးများ ရှားတောဘက်ကို ဆင်းလာသည်ဟူသော သတင်းအရ မောင်ဘုဏ်းတို့အဖွဲ့ ကြားဖြတ် မိုင်းဆွဲကြခြင်းဖြစ်သည်။ ထိုပွဲသည် မောင်ဘုဏ်း၏ ပထမဆုံး တိုက်ပွဲအတွေ့အကြုံလည်း ဖြစ်သည်။

ထိုပထမဆုံးသော ဒေါတဟေးသင်္ချိုင်းတိုက်ပွဲမှာ မောင်ဘုဏ်း ဒဏ်ရာ အကြီးအကျယ်ရခဲ့သည် ။သို့သော် ကုသိုလ်ကံဖေးမစွာ သေကံမရောက်အသက်မပျောက်ခဲ့။

 

အာဏာကို သူခိုးထသည့် အာဏာရှင်အစိုးမရများ မဲလိမ်ခြင်း အကြောင်းပြ အာဏာရူးမထခင် အချိန်ထိ မောင်ဘုဏ်းသည် ပညာရေးဝန်ထမ်းဖြစ်ခဲ့သည်။ကျောင်းဆရာဘဝနှင့် ပျော်မွေ့ခဲ့သည်။

 

ပြောရအုံးမည်။ မွေးရာပါဗီဇ ဆရာအလွန်လုပ်သော မောင်ဘုဏ်း ကျောင်းဆရာ ​​​ဖြစ်လာတော့ ပိုဆိုး၊ ဟိုစပ်စပ် ဒီစပ်စပ် သိထားသော အရာများနှင့် ဆရာအလွန်လုပ်တော့သည်။

 

သူများ အိမ်ဆောက်သည်ကို ကြည့်ပြီး ပန္နက်ချတာကစအစ အိမ်တက်အဆုံး အခါပေးသည် ။ဆရာလုပ်သည်။ အိမ်သာဆောက်သည်ကစ ကျင်းဘယ်လိုတူး၊ မြေမပြိုအောင်ဘယ်လိုကာ၊ ခွေ ဘယ်လိုချ၊ အကုန်ဆရာလုပ်သည်။ လက်သမားဆရာက စိတ်မရှည်၍ဆရာကိုယ်တိုင် ဝင်လုပ်ပါတော့ ပြောရသည်အထိ နေရာတကာ ပါတတ်သည်။ တကယ်လက်တွေ့လုပ်ဆို ဟိုယောင်ယောင်ဒီယောင်ယောင်။

 

ပြောရအုံးမည် ။မောင်ဘုဏ်းက အာဏာမသိမ်းခင် ကြံ့ဖွံပါတီကို ထောက်ခံသူဖြစ်သည်။ NLDအစိုးရလက်ထက် ပညာရေးဝန်ကြီးဌာနကို ထွေသင်များ မူပြတိုးပေးရေး ၊နေ့စားလပေးများ အမြဲတမ်းဝန်ထမ်းဖြစ်ခွင့် ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ဘူးသည်။

ဖဲကြိုးနက်ကမ်ပိန်း ၊ဖဲကြိုးစိမ်းကမ်ပိန်းများကို ဦးဆောင်ခဲ့ဘူးသည်။ ပြောရလျင် ကတိကဝတ် ချိုးဖောက်ခံရသော ပညာရေးဝန်ထမ်းများအတွက် NLDအစိုးရကို သူလုံးဝမကြိုက်။၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ သူ့မြို့မှာ ပထမဦးဆုံး ကြံ့ခိုင်ရေးအင်္ကျီဝတ်သူဖြစ်သည်။ ကြံ့ခိုင်ရေးအမတ်များအတွက် မဲဆွယ်သည်။ ဝန်ထမ်း နိုင်ငံရေးထဲပါလို့ သတိအပေးမခံခဲ့ရ၊ ဆန္ဒပြလို့ အဖမ်းမခံခဲ့ရ။

 

၂၀၂၀ ရွေးကောက်ပွဲ အပြီး NLDက မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့သည်။ စစ်တပ်က NLDအစိုးရ မဲမသမာမှုများ လုပ်ခဲ့သည် စွပ်စွဲချက်နှင့် အာဏာသိမ်းယူမည် သတင်းများထွက်တော့ မောင်ဘုဏ်း ဘဝင်မကျချင်။ သူငယ်ချင်းတစ်စု စကား​​ပြောကြဆွေးနွေးကြ ငြင်းခုန်ကြသည်။

 

သိမ်းချင် အမှိုက်သိမ်းဟု အပြောင်အပျက်ပြောမိသည်။

သည်လိုနှင့် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းတော့ မောင်ဘုဏ်း ရွာမှာ မွေးခါနီး ဇနီးသည်နှင့်အတူ ရှိနေသည်။

ဖေဖော်ဝါရီ (၄)ရက်နေ့ ဖုန်းမက်ဆေ့မှ ရဲဘော်ဘာလုပ်မှာလဲဟူသော စာတိုလေး ဝင်လာခဲ့သည်။ မောင်ဘုဏ်းစဥ်းစားရသည်။ တစ်ဘက်မှာ မွေးခါနီးဖွားခါနီးမိန်းမနှင့် လူမမယ်သားငယ်၊ တစ်ဘက်က မတရားမှုမှန်သမျ ခေါင်းငုံ့မခံဟူသော ရဲဘော်များနှင့် နိုင်ငံ့အရေး။

 

အချို့ကပြောကြသည် ဒါက ကြံ့ခိုင်ရေးနှင့် NLDအားပြိုင်ခြင်းပါတဲ့၊ စစ်တပ်က ခဏအာဏာထိန်းတာပါတဲ့။ ငဘုဏ်းအမြင်ကတော့ ထိုသို့မဟုတ် ငဘုဏ်းသားလေးနဲ့ မကြာခင်မွေးတော့မည့် သမီးငယ်လေး ကာယချိန် မြက်နှုတ်ရမည့်အဖြစ် ၊ကွန်ပျူတာခန်း ချောင်းကြည့်ရမည့်အဖြစ် ၊စာဘယ်လောက်တော်တော်၊ ဉာဏ်ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ကြိုးစားကြိုးစား အားကစားမည်မျှ ထူးချွန်ထူးချွန် လူကြီးသားသမီးမဟုတ်လျင် အရွေးမခံရသည့်ဘဝမျိုးနှင့် မကြုံဆုံစေချင်။

 

ဒီမိုကရေစီစနစ်၏ အရသာကို တင်းပြည့်ကျပ်ပြည့် မဟုတ်စေကာမူ အစွန်အနားခံစားခဲ့ရသည့် ငဘုဏ်း မိမိ၏ သားသမီးများ တပည့်များကိုတော့ အပြည့်အဝခံစားစေချင်သည်။

စပါးတာဝန်ကျေ ရောင်းရသည့်ခေတ်မှာ တာဝန်ကျေစပါး ၆တင်းလိုသဖြင့် ကုန်စည်ဒိုင်ရှေ့ လယ်ကွင်းပြင်နေပူပူတွင် ၆နာရီကြာနေလှန်းခံခဲ့ရသည့် အဖေဖြစ်သူကို မျက်လုံးထဲ မြင်ယောင်မိသည်။ အဆိုးပေးငတုံးတို့၏ ကိုးလေးလုံး ဟု အာဏာရှင် တို့၏ အမည်ဆိုးတပ်ခံခဲ့ရသည့် 9-9-1999 ကာလတွင် အဖမ်းခံခဲ့ရပြီး သေသည်ရှင်သည် မသိခဲ့ရသော တစ်ဦးတည်းသော အကိုကြီးကို သတိရသည်။

 

ငဘုဏ်းဆုံးဖြတ်ချက်ချသည်။ မွေးဖွားခါနီးဇနီးသည်ကို တောင်းပန်သည် ။မိသားစုအပေါ်မှာ တာဝန်မကျေသော ခင်ပွန်း၊ သားသမီးများကို စွန့်ခွာခဲ့သည့် အဖေဆိုးတစ်ယောက်မို့ ခွင့်မလွှတ်ဖို့၊ သေသည်ရှင်သည် မသိသည့် လမ်းကိုလျောက်မှာမို့ လမ်းခွဲပေးဖို့ တောင်းပန်ရင်း ဖေဖော်ဝါရီ၅ရက်နေ့ အိမ်မှ အဝတ်တစ်စုံနှင့် ထွက်ခွာလာခဲ့သည်။

 

ယုံကြည်ချက် ၊ခံယူချက်ချင်းတူသော ပညာရေးဌာနမှ ညီအကို ဆရာတပည့်များ စုဝေးပြီး ဘိုကလေးမြို့နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ချိတ်ဆက်ကာ သပိတ်ကော်မတီကို ဖွဲ့စည်းပြီး အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မကြောက်တရားများ ၊အာဏာရှင် ဆန့်ကျင်ရေးတရားများကို ဆန္ဒပြ စစ်ကြောင်းများရှေ့တွင် ဟောပြောခဲ့သည်။

ဖေဖော်ဝါရီ၁၈ရက် အထက(၁)ကျောင်းရှေ့ ထိုင်သပိတ်တွင် မတရားသောအမိန့်ဟူသမျှ ဆန့်ကျင်ကြခေါ င်းစဥ်ဖြင့် သပိတ်တရားဟောမှုဖြင့် ငဘုဏ်းအပါ သပိတ်ခေါင်းဆောင်၅ဦးကို ပုဒ်မ(၃)ခုဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ကြသည်။

ငဘုဏ်းနှင့် ဌာနတူ အကိုနှစ်ယောက် အခြေခံပညာရေး လုပ်သားများသမဂ္ဂ(BEWU)မှ ဆရာသမားတစ်ယောက်၏ အကူအညီဖြင့် ရန်ကုန်သို့ ရောက်ရှိခိုလှုံပြီး ပညာရေး သပိတ်စစ်ကြောင်းများတွင် ဆက်လက်ပါဝင်ဆန္ဒပြခဲ့ကြသည်။ ၅ရက်ခန့်အကြာတွင် အတူပါခဲ့သော ဌာနတူအကိုက ဇာတိမြို့ သပိတ်များတွင် အနီးကပ် ဦးဆောင်မှုပေးရန် ပြန်သွားခဲ့သည်။ ငဘုဏ်းကတော့ ရန်ကုန်သပိတ်များတွင် လှိုင်သာယာ သပိတ်စစ်ကြောင်းနဲ့အတူ ဆက်လက်ဆန္နထုတ်ဖော်နေခဲ့သည်။

 

ဖေဖော်ဝါရီ ၂၈ရက်နံနက်၉နာရီခန့်  ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်း ပညာရေးမှူးရုံးရှေ့ တွင် အကြမ်းမဖက် အာဏာဖီဆန်ရေး ဆန္ဒဖော်ထုတ်ရန် ဆရာဆရာမများ လူစုနေစဥ် လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမှ မပါရှိသော ဆရာဆရာမများကို အာဏာရူး အကြမ်းဖက်များ၏ လက်ပါးစေတစ်စုမှ အသံဗုံး ၊မီးခိုးဗုံး ၊ရော်ဘာကျည်များနှင့် ပစ်ခတိနှိမ်နှင်းခြင်းခံခဲ့ရသည်။

ထိုနေ့တွင် လှိုင်သာယာပညာရေးမှ အလယ်တန်းပြ ဆရာမကြီး ဒေါ်တင်နွဲ့ရီ တိုင်းပြည်နှင့် အနာဂါတ် မျိုးဆက်များအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။

အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက် တွန်းထိုးနှိပ်စက် ၊ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အာဏာရှင်မိစ္ဆာများ၏ လူမဆန်သောလုပ်ရပ်များကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးသည့်နောက် အာဏာရှင် စနစ် အမြစ်မပြတ်မချင်း ရသည့်နည်းလမ်းနှင့် တိုက်ပွဲဝင်သွားမည်ဟု ငဘုဏ်းဆုံးဖြတ်လိုက်တော့သည်။

 

ဖေဖော်ဝါရီ၂၈ရက်နေ့ အဖြစ်ဆိုးအပြီး ငဘုဏ်း လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် အဆက်အသွယ်များ ရှာဖွေနေခဲ့သည်။ ထို့နောက်ဘိုကလေးမြို့မှ ညီအကိုတစ်ဦး၏ အဆက်အသွယ်ဖြင့် တိုင်းရင်းသား EAOအဖွဲ့နှင့် ချိတ်ဆက်မိပြီး အ​ခြေခံ စစ်သင်တန်း၊ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခွင့်ရခဲ့သည်။

 

ရက်တို သင်တန်းပြီးသည်နှင့် ရန်ကုန်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ မတ်လအတွင်း လှိုင်သာယာ ၊ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ် ဆန္ဒဖော်ထုတ်ပွဲများ၌ Defence စည်းများတွင် ပါဝင်ဆန္ဒပြခဲ့သည်။ ၂၀၂၁ဧပရယ်တွင် ပြည်တွင်း၌ လှုပ်ရှားရန် အခြေအနေ မပေးသောကြောင့် တောတွင်း လက်နက်ကိုင် လှုပ်ရှားရန် ကရင်နီပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။

EAO အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် ကရင်နီပြည်နယ်အတွင်း လက်နက်ကိုင် တော်လှန်ရေးလုပ်ငန်းများ ၊စစ်သင်တန်းပေးခြင်း လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုဝင်ဘာလတွင် အလယ်ပိုင်းတိုင်းစစ်ဒေသ၊ တပ်ရင်း ၁၁၀၁၊ တပ်ခွဲ၄ ထောက်ပို့ တာဝန်ခံအဖြစ် စတင်ထမ်းဆောင်ခဲ့သည်။  ၂၀၂၂ဧပရယ်လတွင် ဒုတပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည် ။၂၀၂၂သြဂုတ်လတွင် တပ်ရင်း၁၁၀၁ ၊တပ်ခွဲ၄မှ နုတ်ထွက်ခဲ့ပြီး စစ်ရှောင်ကူညီရေးအသင်းတစ်ခု၏ တာဝန်ခံ၊ အလယ်ပိုင်တိုင်း စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့  ပြန်ကြားရေးတာဝန်ခံအဖြစ် ဆက်လက်တာဝန်ထမ်းရွက်လျက်ရှိသည်။

ငဘုဏ်း ဖြတ်သန်းခဲ့ရတွေ့ကြုံခံစားခဲ့ရသမျ ကို ပြန်သုံးသပ်ရင်း ယုံကြည်ချက်ခံယူချက်တို့က ပိုမိုခိုင်မာလာခဲ့ပြီ။ အာဏာရှင်များ မြန်မာ့မြေပေါ်မှမပျောက်ကွယ်မချင်း ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်နေမည် ဖြစ်သည်။