ယာယီသမ္မတ ဦးမြင့်ဆွေရဲ့နာရေးကို စစ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်သူတွေသာ လာရောက်ခဲ့

Author CJ Platform
Categories
Published on Aug 11, 2025

ဦးမြင့်ဆွေ အသုဘအခမ်းအနားကိုနိုင်ငံတော်အဆင့်ဈာပနအဖြစ် လုပ်ဆောင်မယ်လို့ စစ်ကော်မရှင်က ကြေညာထားပေမဲ့ လိုက်ပါပို့ဆောင်မယ့်သူတွေမရှိတာကြောင့် နေပြည်တော်က ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ခေါ်ဆောင်ခဲ့ရတယ်လို့ နေပြည်တော်ဒေသတွေဆီက သိရပါတယ်။

 

စစ်ကောင်စီ (စစ်ကော်မရှင်) ယာယီသမ္မတဦးမြင့်ဆွေရဲ့ နာရေးအခမ်းအနားကို ဒီနေ့ ဩဂုတ် ၁၁ ရက်မှာ ငြိမ်းအေးဇရပ်ကနေ နေပြည်တော် တပ်မတော်စစ်သင်္ချိုင်းကိုပို့ဆောင် သင်္ဂြိုဟ်ပို့ဆောင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းတွေနဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေ လိုက်ပါပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

သူတို့ ကြံ့ဖွံ့ပြောတာကတော့ လူ ၄၀၀၀ လောက်လာတယ်ပြောပေမဲ့ တကယ်တမ်း ဘယ်ပြည်သူတွေမှ မသွားဘူး။ သူတို့လူနဲ့သူတို့ပဲ ရှိနေမှာ။ ပြီးတော့ ဝန်ထမ်းတွေက မလာမနေရခေါ်တာမျိုးလို့ နေပြည်တော်ဒေသခံတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

စစ်အုပ်စုကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားမှုအရ ဦးမြင့်ဆွေနာရေးယာဉ်တန်း ဖြတ်သန်းရာလမ်းတစ်လျှောက်မှာ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းတွေ စီတန်းရပ်နေကြပြီး စစ်အုပ်စုတပ်ဖွဲ့တွေက ဦးမြင့်ဆွေရုပ်အလောင်းကို စစ်ယာဉ်တန်းနဲ့အတူ သယ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

 

အဆိုပါ အသုဘ အခမ်းနားမှာ ဦးမြင့်ဆွေရဲ့ ဓာတ်ပုံကိုင်ဆောင်လာတဲ့ စစ်ကော်မရှင်ရဲ့  စစ်ကားတွေနောက်မှာ သူ့ရဲ့ ရုပ်အလောင်းကို စစ်ကားတစ်စီးနဲ့ သယ်ဆောင်လာပြီး စစ်ယာဉ်တန်းတွေနဲ့ လိုက်လံပို့ဆောင်တာကို  ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

 

စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ဆင်း၊ ဒုတိဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ယုံကြည်ရတဲ့သူတစ်ဦးဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်အရေးအခင်း ဖြိုခွင်းမှုမှာ အဓိကအခန်းကဏ္ဍကနေပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

 

၂၀၁၀ ဦးသိန်းစိန်အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သလို ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာလည်း ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့ကာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုအလိုကျ ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ်အစောပိုင်းမှာတော့ ဦးမြင့်ဆွေဟာ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းတဲ့ရောဂါ (Parkinson’s Disease) ကို ခံစားခဲ့ရပြီး အစာကောင်းကောင်းမစားနိုင်တော့တာ၊ ဦးနှောက်နိုးကြားမှုမရှိတော့တာ၊ ကိုယ်အလေးချိန် လျော့ကျလာတာ စတဲ့ ရောဂါဝေဒနာတွေကို ၂ နှစ်ကျော်ခံစားခဲ့ရပြီး ၂၀၂၅ ဩဂုတ် ၇ ရက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ pro SAC