ယခုအပတ်အတွင်း မုတ်သုံဆုတ်မည်၊ ရေကြီးရေလျှံဘေးမှကင်းလွတ်ပြီဟု NUG ထုတ်ပြန်

Published on Oct 17, 2023

မြန်မာနိုင်ငံက ယခုနှစ်အတွက် မိုးတွင်းကာလသည် ယခုအပတ်အတွင်းပြီးဆုံးပြီဖြစ်ပြီး ရေကြီးရေလျှံဘေးမှလည်း အလုံးစုံကင်းလွတ်ပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနထံမှ သိရသည်။

အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာ ၁၇ မှ ၂၃ ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းမှစတင်ကာ တစ်ပြည်လုံးဆုတ်ခွာနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဒေသအချို့တွင် အောက်တိုဘာလ ၉ မှ ၁၅ ရက်အတွင်း မုတ်သုံအဆုတ်မိုးရွာနိုင်သေးသော်လည်း မိုးမများနိုင်တော့ကြောင်း ထိုဝန်ကြီးဌာနက ဆိုသည်။

မုတ်သုံအဆုတ်မိုးသည် ရေကြီးရေလျှံဖြစ်နိုင်လောက်သည်အထိ မဖြစ်နိုင်ကြောင်း NUG လူစာနာနှင့် ဘေးစီမံဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထူးခြားချက်အနေဖြင့် ယခုလာမည့်ရက်သတ္တပတ်အတွင်း ဗီယက်နမ်ကမ်းခြေမှ အစပျိုးလာသောလေပွေလှိုင်းတစ်ခုသည် မုတ္တမကွေ့မှတစ်ဆင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ဆက်စပ်လျက် မြန်မာနိုင်ငံ​တောင်ပိုင်းနှင် အောက်ပိုင်းမှတစ်ဆင့် ရှမ်းပြည်နယ်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း NUG ၏ ဝန်ကြီးဌာနက ဆိုသည်။

ယခုနှစ်မုတ်သုံလေသည် မြန်မာနိုင်ငံ မြောက်ပိုင်း‌ဒေသများမှ အောက်တိုဘာ ၁၇ ရက်၊ အလယ်ပိုင်းဒေသများမှ အောက်တိုဘာ ၁၈ ရက်၊ မြစ်ဝကျွန်းပေါ်ဒေသများမှ အောက်တိုဘာ ၂၁ ရက်နှင့် မြန်မာနိုင်ငံအောက်ပိုင်း(တစပြည်လုံး)မှ အောက်တိုဘာ ၂၃ ရက်တွင် ဆုတ်ခွာသွားနိုင်ကြောင်း လူစာနာနှင့် ဘေးအန္တရာယ်စီမံ​ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Related News

Depend on news