မြောင်ရှိ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်၍ ဒေသခံတစ်သောင်းနီးပါး နေရပ်ပြန်ဝင် ◼ထိုစစ်ကြောင်း စခန်းပြန်ဝင်စဉ် ဒရုန်းဖြင့် တိုက်ခိုက်

Author မင်းထက်
Categories
Published on Dec 26, 2023

စစ်ကိုင်းတိုင်း၊ မြောင်ဒေသရှိ ကျေးရွာများအတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းနှစ်ခု ပြန်လည်ထွက်ခွာသွားသည့်အတွက် တိမ်းရှောင်နေရသော ဒေသခံ တစ်သောင်းကျော် နေရပ်ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

” (ဒီဇင်ဘာ)၂၄ ရက်နေ့က နေ့လယ်ပိုင်းမှာ စစ်ကြောင်းက ပြန်ထွက်သွားပါတယ်။ ညနေပိုင်းမှာတော့ စစ်ရှောင်တွေလည်း နေရပ်ကို ပြန်ကြပါတယ်” ဟု  ၎င်းက ဆိုသည်။

 

အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှစ်ခုသည် ဒီဇင်ဘာ ၂၃ ရက်နေ့က မြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးနောက် ၂၄ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည့်အတွက် ဒေသခံများ ဒေသတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

 

“ပြေးလိုက်ကြ ပြန်လိုက်ကြဆိုတော့ ဘယ်လိုပြောရမလဲ။ လေယာဉ်သတင်းဖတ်နေရသလို လာနေပြီလို့ ဖတ်နေတုန်း ကိုယ့်ခေါင်းပေါ်ရောက်နေတာမျိုးပါပဲ” ဟု မြောင်ဒေသခံတစ်ဦးက ဆိုသည်။

 

ယင်းဒေသအတွင်း စစ်ကြောင်းဝင်ရောက်ခဲ့သော ကျောက်ရစ်စခန်းမှ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝေဟင်စစ်ဆင်ရေးဖော်ဆောင်ပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုစစ်ကြောင်းသည် ၎င်းတို့၏ ကျောက်ရစ်စခန်းသို့ ပြည်လည်ဝင်ရောက်ချိန် နံနက် ၈ နာရီမှ ညနေ ၂ နာရီအထိ ကင်းချထားသည့်နေရာများကို ဒရုန်းဖြင့် ဗုံးသီး ၂၃ လုံးချ တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်စစ်ဆင်ရေးတို့ဖြင့် ထိရောက်စွာတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်သားထိခိုက်မှုအခြေအနေကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများက တန်ပြန်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုတိုက်ခိုက်မှုကို CDSOM 001 Drone Team၊ ကျောက်ဆည်ခရိုင်တပ်ရင်း နဂါးနီဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ MRF မြောင်၊ မုံရွာခရိုင် တပ်ရင်း ၁၅၊ LACR၊ Star အဖွဲ့ ၊ Black Wolf MDY PDF အစရှိသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုစခန်းကို မွန်းလွဲ ၂ နာရီအထိ တိုက်ခိုက်ပြီးနောက် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တလုပ်မြို့ရှိ စစ်ကောင်စီ အထိုင်နေရာနှင့် ကင်းစခန်းများကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိ စစ်ကောင်စီတပ်သားများရှိရာနေရာများကို ဒရုန်းဖြင့် ထိရောက်စွာ ဗုံးသီးများကြဲချတိုက်ခိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ထိုစစ်ဆင်ရေးကို CDSOM 001 Drone Team၊ ကျောက်ဆည်ခရိုင်တပ်ရင်း နဂါးနီဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ LACR ၊ Wolf Brother အဖွဲ့-မြောင် ၊ 8 star အဖွဲ့၊ Black Wolf MDY PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်