မြောင်ရှိ စစ်ကောင်စီစစ်ကြောင်းများကို ဒရုန်းဖြင့် တိုက်ခိုက်

Author မင်းထက်
Categories
Published on Dec 07, 2023

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း လှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးသီးများကြဲချ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)၏ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်‌နေ့ ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီ မှ ၁၂ နာရီခွဲအချိန်အထိ မြောင်မြို့နယ်၊ ကင်းရွာသို့ ဝင်ရောက်မွှေနှောက်ပြီး ပြန်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စစ်ကြောင်းကို ၎င်းတို့စခန်းချရာ ကျောက်ရစ်စခန်းနှင့် ကျောက်ရစ်ဆေးရုံသို့ အရောက်တွင် ဗုံးသီးတစ်လုံးစီကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ မြောင်မြို့ အဓိကလမ်းမကြီးများပေါ်တွင် ပြည်သူများကို ဆက်ကြေးကောက်ပြီး ပြန်လာသော စစ်ကောင်စီတပ်သားအင်အား ၂၅ ဦးသည် ၄င်းတို့ စခန်းချရာ မြောင်မြို့ရဲစခန်းအ‌ရောက် နေ့လယ် ၁ နာရီ  ၄၀ မှ ညနေ ၃ နာရီခွဲခန့်အထိ ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ကြောင်း CDSOM ထံမှ သိရသည်။

 

ထို‌ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ကောင်စီတပ်သားများပေါ်သို့ ထိထိမိမိကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေများကို CDSOM အနေဖြင့် စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။

 

ထိုဒရုန်းစစ်ဆင်ရေးများကို CDSOM ၏ အနောက်ပိုင်း 001 ဒရုန်းတပ်ဖွဲ့၊ မြောင်မြို့နယ် ပ.လ.ဖ၊ မြောင်မြို့မတိုက်နယ် ပ.က.ဖ၊ ဒေါင်းည်ီနောင်၊ စဥ့်ကိုင် ပ.က.ဖ ၊ Sintkaing Revolution Force ၊ 11 Brothers Revolution Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် နို၀င်ဘာ တစ်လအတွင်းက CDSOM အဖွဲ့သည် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ၅ ကြိမ်၊ ဒရုန်းစစ်ဆင်ရေး ၅ ကြိမ် ဖော်ဆောင်ခဲ့ပြီး ယင်းစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်သား ၂၆ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ရဲဘော် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ -CDSOM အနောက်ပိုင်း 001 ဒရုန်းတပ်ဖွဲ့(ပုံဟောင်း)