မြိုင်မြို့နယ် well-2ရေနံမြေရှိ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း တိုက်ခိုက် စစ်တပ်မှ အထိအခိုက်များ

Author ခေတ်နီ
Categories
Published on Mar 10, 2023

 

မကွေးတိုင်း မြိုင်မြို့နယ် well-2 ရေနံမြေရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတခုကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မြိုင်မြို့နယ် Well-2ရေနံမြေရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတခုကို ယမန်နေ့ မတ်လ ၉ ရက် နေ့ မနက်ပိုင်း ၇ နာရီခန့်မှစတင်ကာ ဒေသကာကွယ်ရေး အဖွဲ့ ၃၀ ခန့်မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ငါးကြိမ်ပစ်ခတ်ကာ ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

“ေ-ွးစခန်းနားထိ ကပ်နိုင်ခဲ့ပြီးတော့ ေ-ွးအတော်ကျပေမယ့် အတိအကျမထုတ်ပြန်နိုင်သေးပါဘူး လက်နက်မရခဲ့ပါဘူးဗျ ပင်မအဆောင်မှလွဲ၍ ေ-ွးလိုင်းခန်း ရိက္ခာဆောင် ၅ဆောင် ၆ဆောင်လောက်မီးရှို့နိုင်ခဲ့ပါတယ် လေယာဥ်ပစ်ကူ၅ကြိမ်တိုင်တိုင် လာခြင်း ကျည်မလုံလောက်ခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာ လာခဲ့ရပါတယ်”ဟု မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

အဆိုပါတို က်ပွဲအတွင်း စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးပဲ ပူးပေါင်းတပ်ဖွဲ့များဖက်မှ တစ်ဦးကျဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ဒီစခန်းက အနည်းဆုံးအင်အား ၄၀ ၅၀ လောက်ရှိတယ် သူက ဒီနယ်မြေတဝိုက်မှာ ပွိုင့်တခုအနေနဲ့ထားတာဆိုတော့ စခန်းကကျယ်တော့ စခန်းတခုလုံးကိုတော့ ဝင်မစီးနိုင်ခဲ့ဘူး၊ တချို့အဆောက်အဦးတော့ ဖျက်ဆီးနိုင်ခဲ့တယ် လက်နက်သိမ်းဆည်းနိုင်တာတော့မရှိဘူး”ဟု ကျားသစ်နက်တပ်မတော် မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဥက္ကာမှ ပြောသည်။

ထိုသို့တိုက်ပွဲနေချိန်အတွင်းမှာပဲ စစ်ကောင်စီတပ်ဖက်မှ ပေါက်မြို့နယ်အတွင်းရှိ ထန်းပေါက်ကုန်းကျေးရွာကိုလည်း လေယာဥ်ဖြင့် ပစ်ခတ်ခဲ့သေးတာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

#CjPlatform #မကွေးတိုင်း #မြိုင်မြို့နယ်