မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းတို့တွင် အချိန်ခါမဟုတ် မိုးရွာနိုင်

Published on Feb 12, 2024

မြန်မာတစ်နိုင်ငံလုံးတွင် လာမည့်ရက်သတ္တပတ်အတွင်း  မြန်မာနိုင်ငံမြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းတို့တွင် အချိန်ခါမဟုတ်ရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်မှန်းချက် ထုတ်ပြန်သည်။

 

ယခုအပတ်(ဖေဖော်၀ါရီ ၁၂ ရက်မှ ၁၈ ရက်အထိ)အတွင်း မြန်မာနိုင်ငံတစ်ပြည်လုံးတွင် ဆောင်းအအေးဓာတ်ကို ခံစားရနိုင်ပြီး လေပွေလှိုင်းများ ကင်းစင်နိုင်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းတို့တွင်သာ မိုးသေးမိုးဖွဲအနည်းငယ် အချိန်ခါမဟုတ်ရွာနိုင်သည်ကို သတိပြုစေလိုသည်ဟု ထုတ်ပြန်သည်။

 

ယခုရက်သတ္တပတ်တွင် ညအခါ ဆောင်းရာသီ၏ အအေးပိုလာနိုင်မှုသည် အိန္ဒိယဘက်မှ အအေးလှိုင်းအင်အားချဲ့ထွင်မှုနှင့် အင်အားလျော့ကျမှုအပေါ်မူတည်၍ မြန်မာနိုင်ငံအထက်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းများသာမက မြစ်ဝကျွန်းပေါ်ဒေသများအထိ အအေးပိုမှုအတက်အကျကို ခံစားရလာနိုင်ပြီး နံနက်ပိုင်းတွင် မြူထူများလည်း ကျဆင်းနိုင်ကြောင်း သိရသည်။

 

ထူးခြားချက်အနေဖြင့် ဆောင်းမှ နွေရာသီသို့ အကူးအပြောင်း ရှေ့ပြေးလက္ခဏာများဖြစ်သည့် နေ့ဘက် အပူချိန် စတင်မြင့်တက်လာသဖြင့် နေ့ဘက်ပူနိုင်ပြီး ဆောင်းလက်ကျန်လေအေး ဆက်ရှိနေခြင်းကြောင့် ညတွင် အအေးပိုခြင်းကဲ့သို့ နေ့ပူညချမ်းဖြစ်စဉ်များကို စတင်ခံစားလာရနိုင်သည်။