မြန်မာနိုင်ငံဒေသအများစုတွင် ယခုရက်ပိုင်းအတွင်း နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးရွာနိုင်ဟုဆို

Published on Dec 04, 2023

မြန်မာနိုင်ငံ ဒေသအချို့တွင် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပေါ် တိုက်ရိုက်ပြင်းပြင်းထန်ထန် မထိခိုက်နိုင်သော်လည်း အောက်ပိုင်း၊ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာ နိုင်ကြောင်း NUG လက်အောက်ခံ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခုတစ်ပတ်အတွင်း ထူးခြားချက်အနေဖြင့် ဒီဇင်ဘာလ ၄ ၊ ၅ ၊ ၆ ၊ ၇ ရက်များတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒက်ကမ်းခြေတောင်ပိုင်းအနီးတွင် ပိုမိုအားကောင်းလာခဲ့ပြီး မြန်မာနိုင်ငံမှ အမည်ပေးထားသော(မိချောင်း = Michaung)အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကြောင်း၊ အဆိုပါမုန်တိုင်းသည် ဒီဇင်ဘာလ ၅ ရက်တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ကုန်းတွင်း မုန်တိုင်းငယ်အဆင့်သို့ အားလျော့သွားနိုင်ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

 

ထို့ပြင်  စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ၅ ရက်နောက်ပိုင်း၌ ပြန်လည်အအေးပိုလာပြီး မြူများထူထပ်စွာ ကျဆင်းနိုင်ကြောင်း အဆိုပါဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။