မြန်မာတစ်နိုင်ငံလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာခဲ့ပြီ

Published on Oct 12, 2022

မြန်မာတစ်နိုင်ငံလုံးမှ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း သိရသည်။

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းမှ စတင်ဆုတ်ခွာခဲ့ပြီး၊ စက်တင်ဘာ ၂၈ရက်တွင် အလယ်ပိုင်းဒေသ၊ အောက်တိုဘာ ၅ရက်တွင် မြန်မာနိုင်ငံမြစ်၀ကျွန်းပေါ်နှင့် အောက်တိုဘာ ၁၁ရက်တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာတစ်နိုင်ငံလုံးမှ ဆုတ်ခွာသော်လည်း မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ၊ လေပွေလှိုင်းများ၊ ဘင်္ဂလားပင်လယ်အော်တွဖြစ်ပွားသည့် လေဖိအားနည်းရပ်၀န်းများ၊ မုန်တိုင်းများကြောင့် မိုးရွာသွန်းနိုင်သည့် အခြေအနေများလည်းရှိနေသေးသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာ ဒုတိယ ၁၀ ရက်ပတ် မိုးလေ၀သခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်၀န်းတစ်ကြိမ်ဖြစ်ပေါ်က ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် အောက်တိုဘာ ဒုတိယ ၁၀ ရက်ပတ်အတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆ရက်မှ ၈ရက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ကယားပြည်နယ်တို့တွင် ၃ရက်မှ ၅ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအာနးည်းရပ်၀န်းဖြစ်နိုင်သည့် အခြေအနေများကြောင့် မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် နေရာကွက် လေပြင်းကျခြင်း၊ မိုးသည်ခြင်းများဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အောက်တိုဘာ ၂၀ရက်ကျော်အထိ လေပြင်းနှင့် မိုးသည်းထန်မှုများဖြစ်နိုင်ကြောင်း မိုးလေ၀သစောင့်ကြည့်လေ့လာသူ ဦး၀င်းနိုင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။