မြင်းမူရှိ စစ်ကောင်စီအထိုင်စခန်းကို သွားရောက်တိုက်ခိုက်၊ စစ်သား သုံးဦးသေဆုံးသည့်အပြင် ခုနစ်ဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Mar 15, 2024

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ စစ်ကောင်စီအထိုင်စခန်းကို သွားရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည့်အပြင် ခုနစ်ဦးဒဏ်ရာရကြောင်း Dog Killers People’s Defence Force Myinmu(DK PDF-MMU)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာအကြား ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို မတ် ၁၃ ရက် ညနေ ၄ နာရီကျော်က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများအပါအဝင် လက်နက်ကြီး/လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်။ ထို့ကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၃၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။

 

“သူတို့(စစ်ကောင်စီ)ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ရဲဘော်တွေ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြပါတယ်” ဟု အထက်ပါဝန်ရှိသူက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force-South Monywa တပ်ခွဲ(၁)၊  မုံရွာခရိုင်တပ်ရင်း(၁၁) တပ်ခွဲ (၂) Black Hunter People’s Task Force၊ Myinmu Fighter ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းဘုရင်၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ Myinmu Revolution Force၊ DKBA ကာကွယ်ရေးတပ်၊ အညာညီနောင်တပ်ပေါင်းစု – ABCF တို့က  ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဘုန်းကြီးကျောင်းဝန်းအတွင်းက အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် လွန်ခဲ့သည့် သုံးရက်ခန့်က မြင်းမူမြို့ပေါ်မှ လာရောက်တပ်စွဲနေခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။