မြင့်တက်လာတဲ့ အပူချိန်မှာ ကျန်းမာရေးထိခိုက်မှုနည်းဖို့ ဘာတွေလုပ်ဖို့လိုမလဲ ?

Author အိုင်လာ
Categories
Published on Oct 23, 2023

မြန်မာပြည်ရဲ့ နေရာအတော်များများမှာ အပူချိန်မြင့်တတ်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ မနက်ခင်း ၇နာရီ၀န်းကျင်လောက်ကနေ စတင်ပြီး ပူလောင်တဲ့ နေပူဒဏ်ကို စတင်ခံစားနေရပါတယ်။ အပူချိန်မြင့်တက်မှုကြောင့် ဘယ်လို ရောဂါလဏ္ခာတွေကို ခံစားရပါသလဲ ဒီ အခြေခံရောဂါလဏ္ခာတွေကို လူကြီး၊ကလေး အရွယ်စုံ ခံစားနေရတာမို့ ဒီအပတ်အတွက် CJ platform ရဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတအခန်းကဏ္ဍမှ ဆောင်ရန် ရှောင်ရန်များကို ရေးသားဖော်ပြလိုက်ပါတယ်။

■ အပူချိန်မြင့်တတ်ချိန်မှာ ဘာတွေ ခံစားရတတ်လဲ

ခေါင်းတွေကိုက် လိုက်တာဆိုတဲ့ ဝေဒနာမျိုးက အခုလိုပူပြင်းတဲ့ရာသီဥတုမှာ လူတိုင်းနီးနီး ခံစားရတတ်သော ရောဂါလက္ခာတွေဖြစ်ပြီး၊ အခြေခံလက်လုပ်လက်စား ပြည်သူတွေမှာ အတော်လေး တွေ့ရတတ်ပါတယ်။ နေပူထဲမှာ အနေကြာလာတဲ့အခါ ခေါင်းတွေ အုံလာတာ ဖြစ်တတ်သလို တဆစ်ဆစ်နဲ့ ခေါင်းတွေကိုက် လာတာလည်း ကြုံတွေ့ရတတ်ပြီး တချို့ဆို ဖျားတဲ့အထိတောင် ဖြစ်တတ်ပါတယ်။

ချွေးထွက်များလာသည့်အတွက် ခန္ဓာကိုယ်နုံးချိပြီး၊ မူးဝေတာမျိုး၊ သွေးပေါင်ကျပြီး မေ့လဲသွားတာမျိုး၊ အပူချိန်မြင့်တတ်ချိန် လူကြီး၊ လူငယ်မရွေး ဦးနှောက်သွေးကြောပေါက်တာ၊ ဦး‌နှောက်သွေးကြောပြတ်တဲ့ ရောဂါဝေဒနာမျိုးတွေကို ခံစားရစေတတ်ပါတယ်။

■ နေပူထဲမှာ နေတာကြာရင် ဘာကြောင့် ခေါင်းတွေကိုက်တာလဲ။

Heat headaches လို့ ခေါ်ပါတယ်။ ပူတာသက်သက်နဲ့တော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာမျိုး မဖြစ်တတ်ပါဘူး ။တခြားသော အချက်တွေက အားပေးကူညီနေလို့သာ ခေါင်းကိုက်တဲ့အထိ ဖြစ်လာတာပါ။

ဒီအချက်တွေကတော့-
Advertisement icon(ရေဓာတ်ခမ်းခြောက်တာ)

Baylor College of Medicine အရ နေပူထဲမှာ ခေါင်းကိုက်ရတာက ရေဓာတ်ဆုံးရှုံးလို့ ဖြစ်နိုင်ပြီး ရေဓာတ်ဆုံးရှုံးတဲ့အခါ သွေးကြောတွေ ကျုံ့လာတာကြောင့် ခေါင်းထဲမှာ တဆစ်ဆစ်နဲ့ ကိုက်လာတာမျိုး ဖြစ်ကြောင်းကို ဦးနှောက်နဲ့အာရုံကြောအထူးကုသမားတော်တစ်ဦးက အခုလိုမျိုး CJ Platform ကို ပြောကြားထားပါတယ်။

■ အပူနဲ့ ဆိုင်တဲ့ ရောဂါများ

“ဥပမာ ပြောရရင် ပူလွန်းလို့ ချွေးထွက်များပြီး ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာ၊ နုံးတာ၊ အပူလျှပ်တာ စတာတွေပဲ ဖြစ်ပါတတ်ပါတယ်။ ကံကောင်းတာက ဒါတွေက ကာကွယ်လို့ ရပါတယ်။ နေပူထဲမှာ အကြာကြီး မနေဘဲ မကြာခဏ အရိပ်ထဲ ဝင်နားမယ်၊ လှုပ်လှုပ်ရှားရှား နေတာကို ရှောင်မယ်ဆိုရင် ခေါင်းမကိုက်အောင် ကာကွယ်နိုင်ပါတယ်။ အပူလျှပ်ခါနီးလူမှာရော၊ အပူကြောင့် နုံးနေတဲ့သူမှာရော ခေါင်းကိုက်တာက အဖြစ်များတဲ့ ရောဂါလက္ခဏာပါ။ဒါကို သတိထားပြီး အနေထိုင်ဆင်ခြင်မိရင် ကာကွယ်ရနိုင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

■ အပူချိန်မြင့်တတ်နေချိန်တွင် ဘာတွေသတိထားဖို့လိုအပ်လဲ

ပတ်ဝန်းကျင်မှာ ရှိတဲ့ အကြောင်းအရာတွေကလည်း ခေါင်းကိုက်စေတာနှင့်တခြား‌သောဝေဒနာများကိုဝိုင်းပြီး တွန်းအားပေးနိုင်ပါသည်။ ဥပမာ
-နေပြင်းလွန်းတဲ့အချိန် အပြင်ထွက်တာမျိုး
-အပူလွန်ကဲချိန် အဲကွန်း ၊ပန်ကာ လျှပ်စစ်ပစ္စည်းမတွေကို အလွန်အကျွံအသုံးပြုတာ
-အအေး ၊ရေခဲရေတွေ များများသောက်သုံးမိတာ
–ရေသောက်နည်းပါးတာ
-ထူထဲသော၊ကျပ်သော အ၀တ်အစားတွေကို ၀တ်ဆင်တာ
-ရေမွှေးတွေ၊ နေလောင်ကာခရင်မ်တွေ အနံပြင်းတဲ့အလှကုန်တွေ အသုံးပြုတာ
-အစာမစားဖြစ်တာ
-သောက်နေကျ ဆေးတွေ မသောက်ဖြစ်တာ
-နေပူထဲမှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်မိတာ စတဲ့ အချက်လေးတွေကို သတိထားရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

■ အရေးကြီးတဲ့ အခြေအနေများ

-အပူကြောင့် ရေဓာတ်ဆုံးရှုံးပြီး နုံးတာ၊ခေါင်းကိုက်တာအပြင် ချွေးတွေ ရွှဲနေအာင် ထွက်တာ၊ ပျို့အန်တာ၊ မူးတာ၊ ကြွက်တက်တာ၊ နုံးတာ၊ ခြေဖျားလက်ဖျားတွေ အေးတာ၊ ရင်တုန်တာတွေပါ ခံစားနေရတာ။
-အပူလျှပ်ပြီး၊ခေါင်းကိုက်တာအပြင် ချွေးမထွက်ဘဲ အသားတွေက ကိုင်ကြည့်ရင် ပူခြစ်နေမယ် ၊မူးဝေနေမယ် ၊သတိမကောင်းဘူး ၊အသားတွေ နီစပ်စပ် ဖြစ်မယ်၊အပူချိန်တိုင်းကြည့်ရင် ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက် များနေမယ်၊ပျို့အန်ပြီး နှလုံးခုန်နှုန်းမြန်နေပြီး၊ရင်တုန်နေတာ။
-ခေါင်းတစ်ခြမ်းကိုက်ရောဂါ မိုက်ဂရင်းလို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါမှာတော့ သူ့ခေါင်းကိုက်တာက ထူးခြားတယ်။ခေါင်းတစ်ခြမ်း ဒါမှမဟုတ် ခေါင်းတစ်ခုလုံးမှာ တဒုတ်ဒုတ်နဲ့ ပြင်းပြင်းထန်ထန် ကိုက်မယ်၊အလင်းရောင်မခံနိုင်ဘဲ ပျို့အန်မယ်၊၅ယောက်မှာ ၁ယောက်က ခေါင်းမကိုက်ခင်မှာ Auraလို့ ခေါ်တဲ့ မျက်လုံးမှာ ပျိုးပျိုးပျက်ပျက်တွေ မြင်တာ၊ ခြေလက်တွေ ထုံကျင်တာထူးခြားတဲ့ လက္ခဏာတွေကို ခံစားရတတ်ခြင်း စတဲ့အရေးကြီးအခြေအနေတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်‌သောကြောင့် ခေါင်းကိုက်တာအပြင် ဒီလက္ခဏာတွေ ရှိမရှိပါ စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။

■ အပူချိန်ကြောင့် အသားနီစပ်တာ၊ ချွေးထွက်လွန်တာ၊ခေါင်းတခြမ်းကိုက်တာ၊ခေါင်းတွေကိုက်လာရင် ဘာလိုကာကွယ်မလဲ?

-နေရိပ်ထဲ၊ အေးတဲ့တစ်နေရာရာမှာ အနားယူပါ။
-အပူသက်သာလာပြီဆို ရေခဲဝတ်လေးတွေ ကပ်ပေးပါ။
-ကဖင်းပါတာတွေ မသောက်ပါနဲ့။ ရေဓာတ် ပိုဆုံးရှုံးစေပါသည်။
-နားနားနေနေ နေပါ။ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။
-နေပူထဲသွားပြီးအပြင်မှ ပြန်လာသည်နှင့်အဝတ်အစားတွေ အထပ်ထပ် ဝတ်ထားရင် ချွတ်လိုက်ပြီး သက်သာချောင်ချိပြီး အပူစုပ်စေမဲ့ ချည်သားအ၀တ်စားပွပွချောင်ချောင် အဝတ်လဲဝတ်ပါ။
-ချွေးတွေကို ခြောက်အောင်သုတ်ပြီး ရေပတ်ဝတ် တိုက်ပါ။
-နေပူထဲမှ အရိပ်ထဲရောက်ရှိချိန်တွင် ၁၅မိနစ်လောက် အနားယူပြီးမှ ရေသောက်ခြင်း။
-မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူတွေကတော့ ပုံမှန်သောက်နေကျ ဆေးတွေ သောက်ပေးပါ။
-မကြာခဏ ရေသောက်ပါ။ တစ်နေကုန်သောက်ပါ။
-နေပူထဲမှာ ချွေးထွက်များစေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ။
-နေပူထဲမှာ အကြာကြီး မနေပဲ မကြာခဏ အရိပ်ထဲမှာ အနားယူပါ။
-နေကာမျက်မှန်တပ်ပါ။
-အနံ့ပြင်းလွန်းတဲ့ အလှပြင်ပစ္စည်းတွေကို ရှောင်ပါ။
-အစားပုံမှန်စားပါ။
-သောက်နေကျဆေးတွေကို အချိန်မှန်သောက်ပါ။
နေပူထဲမှာ ခေါင်းကိုက်တာက သာမန်အခြေအနေလည်း ဖြစ်နိုင်သလို အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးပြီး နူန်းတာ၊ အပူလျှပ်တာရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။နေပူထဲမှာ ဆက်တိုက်မနေဘဲ မကြာခဏ နားပြီး ရေခဏခဏ သောက်မယ်ဆိုရင်တော့ ခေါင်းမကိုက်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

■ တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားဖို့လိုအပ်မလဲ?

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါသည်။အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြားသော လိုအပ်တဲ့ အခြေအနေ တစ်ရပ်ကြောင့်ဖြစ်ဖြစ် တစ်နေကုန် နေပူထဲ လမ်းလျှောက် သွားလာပြီးပြီဆိုရင်တော့ ညနေဘက်အနားမယူခင်မှာ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝအောင် ဖြည့်ဖို့လိုအပ်ပြီး ဒါမှလည်း နောက်တစ်နေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာပြီး လုပ်ဆောင်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် တစ်နေကုန်သွားလာနေရတဲ့သူဆိုရင် ရေဓာတ် ပြည့်ဖို့ ရေသောက်ဖို့ မလွယ်တာ၊ ရေသောက်ဖို့ မေ့တာတွေ ဖြစ်တတ်ပါတယ်။ရေသောက်တာက ရေဓာတ်ကို အမြန်ပြည့်စေနိုင်ပေမယ့် အခြား ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစားစာ၊အသီးနှံလေးတွေရှိပါတယ်။

-သခွားသီး

သခွားသီးကရေဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးဆိုတာ လူတိုင်းသိထားပြီးဖြစ်သလို သခွားသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေပါသည်။ နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပြီးခန္ဓာကိုယ်ကို ရေဓာတ် ပြည့်စေသလို အသားအရေကိုလည်း နေဒဏ် လေဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

-တရုတ်နံနံ

တရုန်နံနံကလည်း ဟင်းခတ် အမွှေးအကြိုင်အဖြစ် သုံးကြပေမယ့် ရေဓာတ် ပါဝင်မှုက မနည်းပါဘူး။ တရုတ်နံနံမှာ ရေဓာတ်က ၉၅ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး တရုတ်နံနံက ရေဓာတ်ဖြည့်ပေးသလို ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင် K၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ဆိုဒီယမ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် Kတို့ ပါဝင်နေပါတယ်။

-ဆလတ်ရွက်

ဆလတ်ရွက်မှာလည်း ရေဓာတ်က ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အကောင်းဆုံး ရေဓာတ် ဖြည့်ပေးနိုင်ပြီး ဆလတ်ရွက်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးသလို နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

-ခရမ်းချဉ်သီး

ဟင်းတွေ ချက်တဲ့အခါ၊ အသုပ်တွေ သုပ်စားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ခရမ်းချဉ်သီးလေးက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အထိရောက်ဆုံး ဖြည့်ပေးနိုင်ပြီးခရမ်းချဉ်သီးကလည်း ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့ အသီး တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ဖြည့်တင်းဖို့ တစ်နေ့ကို ခရမ်းချဉ်သီး (၃/၄)လုံးပုံမှန်လေးစားပေးဖို့ လိုအပ်ပါတယ်။

-ဖရဲသီး

ဖရဲသီးက ရေဓာတ် ကြွယ်ဝတယ် ဆိုတာကတော့ ပြောစရာ မလိုအောင် လူတိုင်း သိထားပြီးဖြစ်သလို ဖရဲသီးမှာ ရေဓာတ် က ၉၁ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ဖရဲသီးက ရေဓာတ်ဖြည့်ပေးသလို ဆဲလ်တွေကိုလည်း နေရောင်ကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်း နေရောင်ကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

-စတော်ဘယ်ရီ

ချိုချိုချဉ်ချဉ်လေးနဲ့ စားရတာ အရသာရှိတဲ့ စတော်ဘယ်ရီသီးလေးတွေမှာ ရေဓာတ်က ၉၁ ရာခိုင်နှုန်း အထိ ပါဝင်နေပြီး စတော်ဘယ်ရီက ရေဓာတ် ကြွယ်ဝသလို ဖလေဗာနွိုက်လည်း ကြွယ်ဝစွာ ပါဝင်နေသောကြောင့် တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် ရေဓာတ် ပြည့်စေဖို့ ညနေဘက် ရောက်တဲ့အခါ စတော်ဘယ်ရီ တစ်ခွက်စာလောက် စားပေး၊သောက်ယုံဖြင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

-ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီကလည်း တစ်နေကုန် နေပူမိထားတာကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို အထိရောက်ဆုံး ဖြည့်ပေးနိုင်မှာဖြစ်ပြီး ပန်းဂေါ်ဖီက ဗီတာမင် C၊ ဗီတာမင် K နဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေသလို ရေဓာတ်ကလည်း ၉၂ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။
ပန်းဂေါ်ဖီက ရေဓာတ် ဖြည့်ပေးသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

တစ်နေကုန် နေပူထဲအလုပ်လုပ်ကိုင်ရသော အများပြည်သူများအတွက်နောက်တစ်နေ့တာမှာ တက်ကြွလန်းဆန်းစွာ နိုးထနိုင်စေဖို့အတွက် ညနေပိုင်းမှာ ဒီအစားအစာလေးတွေ စားပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းလိုက်ဖို့နဲ့ အပူလွန်ကဲတဲ့ရာသီဥတုမှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါလက္ခာတွေကို ကာကွယ်ဖို့အတွက်ရည်ရွယ်ပြီး CJ Platform မှ ရေးသားဖော်ပြပေးလိုက်ရပါတယ်။