မဲခေါင်-လန်ချန်း စီမံကိန်းခေါင်းစဉ်နဲ့ တရုတ်က စစ်အုပ်စုကို ဒေါ်လာသုံးသန်းကျော် ပေးအပ်

စစ်အုပ်စုကို စစ်ဘက်ဆိုင်ရာလက်နက်တွေနဲ့ နည်းပညာတွေ ပံ့ပိုးကူညီနေတဲ့ တရုတ်အစိုးရက မဲခေါင်-လန်ချန်း ပူးပေါင်ဆောင်ရွက်မှု အထူးရန်ပုံငွေခေါင်းစဉ်အောက်ကနေ စစ်ကော်မရှင်အဖွဲ့ထံ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်း လွှဲပြောင်းပေးမှုကို မနေ့ ဩဂုတ် ၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေခေါင်းစဉ်နဲ့ ဒေါ်လာသုံးသန်းကျော် ပေးအပ်မှုကို စစ်ကော်မရှင်ဘက်က ဝန်ကြီး ၁၀ ဦး တက်ရောက်ခဲ့ပြီး တရုတ်အစိုးရဘက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျား တက်ရောက်ခဲ့ပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၅) ကနေ စီမံကိန်း ၁၄ ခုကို အကောင်အထည်ဖော်နိုင်ဖို့၊ မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချနိုင်ဖို့နဲ့ ပူးပေါင်ဆောင်ရွက်ဖို့အတွက် ရည်ရွယ်တယ်လို့ တရုတ်ဘက်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ငလျင်ဘေးသင့်ဒေသတွေက ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေ တရုတ်ယွမ် ၁ ဒသမ ၁ ဘီလီယံ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း တရုတ်အစိုးရက စစ်အုပ်စုထံ ပေးအပ်ခဲ့ပါသေးတယ်။
တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ၁၇ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang က အဆိုပြုခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။
မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ဒေသတွင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပေါင်း ၉၈၄ ခုကိုလည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကနေ အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းအောက်ကနေ မြန်မာနိုင်ငံကို ဒေါ်လာ ၃၈ ဒသမ ၃ သန်းအထိ တရုတ်အစိုးရက ထောက်ပံ့ကူညီခဲ့တယ်လို့လည်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောဆိုထားပါသေးတယ်။
ဓာတ်ပုံ – pro SAC