မော်ရိုကိုတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၃၀ ကျော်သေဆုံးပြီး ၃၀ဝ ကျော်ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Sep 09, 2023

အာဖရိကအနောက်မြောက်ပိုင်းနိုင်ငံတစ်ခုဖြစ်သော မော်ရိုကို၏ သမိုင်းဝင် မရာကချ်ဒ်မြို့အနီး အက်သလက်တောင်ကြားကိုဗဟိုပြု၍ ယမန်နေ့ညပိုင်းက အင်အား ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် လူ ၆၃၂ ဦးသေဆုံးပြီး ၃၂၉ ဦးထိခိုက်ဒဏ်များရရှိခဲ့ကြောင်း နိုင်ငံတကာများတွင် ဖော်ပြထားချက်အရ သိရသည်။

ထိုငလျင်ကြောင့် နိုင်ငံ၏ သမိုင်းဝင်အဆောက်အဦးအချို့အပါအဝင် လူနေတိုက်ကြီးများ ပြိုကျပျက်စီးမှုများရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

ဒေသတွင်းအာဏာပိုင်များ၏ပြောပြချက်အရ အက်သလက်တောင်ကြားနှင့် မီတာ ၅၀ဝ ပတ်လည်မြို့များ၌ အိမ်ခြေအများအပြားထိခိုက်ခဲ့ရပြီး လမ်းများပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း The Canadian Press မီဒီယာက ဖော်ပြသည်။

ထို့ပြင် သမိုင်းဝင်မြို့ဖြစ်သော မရာကချ်ဒ်မြို့မှ ယူနက်စကိုဝင် ရှေးဟောင်းအဆောက်အဦအချို့လည်း ထိခိုက်ခဲ့ရကြောင်း သိရသည်။

ယခုအခါဒေသတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူနှင့် ဒဏ်ရာရှိသူများ ထပ်မံတွေ့ရှိနိုင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်သားများက ပြောကြားသည်။

မော်ရိုကိုနိုင်ငံက ဒေသတွင်း သတင်းထောက်ဖြစ်သူ ရီဒါဖာကာက ” ကျွန်တော့်ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့ အရမ်းကိုကြီးမားပြီးအားကောင်းတဲ့ ငလျင်လို့ပြောရမှာပါ။ လူတွေဆိုရင် အိမ်တွေထဲကနေ အလျင်အမြန်ပြေးထွက်လာပြီး လမ်းမတွေပေါ်မှာ ဘေးလွတ်အောင် နေခဲ့ရပါတယ်။ သေဆုံးမှုတွေအတွက် အများကြီးစိတ်မကောင်းဖြစ်ရပါတယ်” ဟု Sky News မီဒီယာသို့ ပြောကြားသည်။

နိုင်ငံတကာ ခေါင်းဆောင်များမှလည်း ယခုကဲ့သို့ ဘေးအန္တရာယ် ကျရောက်ခဲ့မှုအပေါ် အရေးတယူရှိခဲ့ပြီး ပြင်သစ်သမ္မတ မက်ခရွန်က ” အလျင်အမြန် ကျန်းမာရေးကုသမှုတွေနဲ့ ထောက်ပံ့မှုတွေပေးနိုင်ဖို့ ငါတို့လုပ်နေပါတယ်” ဟု ပြောကြားခဲ့ပြီး စပိန်နိုင်ငံ ဝန်ကြီးချုပ် ဆန်းချဒ်ကလည်း “စပိန်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက်အတူရှိနေမှာပါ ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အတူ ယူကရိန်း သမ္မတ၊ အိန္ဒိယ ဝန်ကြီးချုပ်နှင့် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့တို့မှလည်း လိုအပ်သောအကူအညီများ ပေးရန်နှင့် သေဆုံးမှုများအတွက် ဝမ်းနည်းကြောင်း သဘောထားများထုတ်ပြန်ခဲ့ကြသည်။

ယခုအခါ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အချို့သော ဈေးဆိုင်များ၊ အရောင်းစင်တာများကို ဖွင့်လှစ်ထားပြီး ထိခိုက်ခံရသူများနှင့် ကူညီကယ်ဆယ်သူများကို ဈေးနှုန်းများလျှော့ချပေးခြင်း၊ အစားအသောက်များဝေငှခြင်းတို့အပြင် ပြန်လည်တည်ထောင်ရေးတို့အတွက် လှုပ်ရှားမှုများပြုလုပ်နေကြပြီး ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ခြေအရေအတွက်ကိုမူ မသိရှိရသေးကြောင်း Twitter(ယခု X) လူမှုကွန်ယက် တွင်ရေးသားနေကြမှုများအရ သိရသည်။